Connect with us

WORLD

တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံအား COVID-19 အလျင်အမြန်စမ်းသပ်ကိရိယာ ၂၀,၀၀၀ ထပ်မံလှူဒါန်း

တရုတ်နိုင်ငံမှ ဆေးအဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မတ် ၂၃ ရက်က ကြိုဆိုနေစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 တိုက်ဖျက်ရာတွင် အကူအညီဖြစ်စေရန် ဗိုင်းရပ်စ်ပိုး အလျင်အမြန်စမ်းသပ် ကိရိယာ ၂၀,၀၀၀ အား မတ် ၂၈ ရက်တွင် တရုတ်နိုင်ငံက ထပ်မံလှူဒါန်းခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပစ္စည်းများ လွှဲပြောင်းခြင်းအခမ်းအနားကို ဖနွမ်းပင်မြို့ရှိ ကျန်းမာရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ဝမ်ဝင်ထျန်းက ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး မမ်ဘွန်ဟန် (Mam Bunheng) ထံ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၎င်းပစ္စည်းများအား ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှတစ်ဆင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

 “တရုတ်နိုင်ငံက လှူဒါန်းတဲ့ နောက်ထပ် ဆေးဘက်အထောက်အကူပြုပစ္စည်းတွေလဲ မကြာမီရောက်ဖို့ ရှိပါတယ်။ ဒီပစ္စည်းတွေက ကမ္ဘောဒီးယားနိုင်ငံအတွက် COVID-19 ပျံ့နှံ့မှုကို ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနင့် တုန့်ပြန်ခြင်း ဆောင်ရွက်မှုများ အားကောင်းစေဖို့ အရေးကြီးပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး မမ်ဘွန်ဟန်က ပြောခဲ့သည်။     

တရုတ်နိုင်ငံက  ပြီးခဲ့သည့်သီတင်းပတ်က COVID-19 အတွက် အလျင်အမြန်စမ်းသပ်ပစ္စည်း ၂,၀၁၆ ခုကို ကမ္ဘောဒီးယားနိုင်ငံအား  လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခုသီတင်းပတ်အစောပိုင်းက  ဆေးဘက် အထောက်အကူပြုပစ္စည်းတန်ချိန်များစွာနှင့်အတူ တရုတ်နိုင်ငံမှ ဆရာဝန် ၇ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့လည်း ဗိုင်းရပ်စ်တိုက်ဖျက်ရေးကူညီရန် ဖနွမ်းပင်သို့ ရောက်ရှိခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၀၂ ဦးရှိခဲ့ပြီး ယင်းအနက် ၁၃ ဦးမှာ ပြန်လည်သက်သာလာ၍ ဆေးရုံများမှ ဆင်းခွင့်ရသွားခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၂၈ ရက်နေ့ ဖော်ပြချက်အရ သိရသည်။  (Xinhua)