Connect with us

WORLD

ဘရာဇီးနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၆,၈၃၆ ဦးနှင့်အတူ သေဆုံးသူ ၂၄၀ ဦးရှိ

ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုမြို့ ရှိ အဓိက ဘတ်စ်ကားဂိတ်မြင်ကွင်းအားမတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးလီယာ ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၅,၇၁၇ ဦးမှ ၆,၈၃၆ ဦးထိမြင့်တက်သွားခဲ့ပြီး သေဆုံးသူအရေအတွက်မှာလည်း ၂၀၁ ဦးမှ ၂၄၀ ဦးထိမြင့်တက်သွားခဲ့ရာ သေဆုံးမှုနှုန်းမှာ ၃.၅ ရာခိုင်နှုန်းထိ ရောက်ရှိသွားကြောင်း  ဧပြီ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဆိုက်တွင် ဖော်ပြချက်အရ လွန်ခဲ့သော ၂၄ နာရီအတွင်း ကူးစက် လူနာသစ် ၁,၁၁၉ ဦးရှိကြောင်း ၊ ယင်းမတိုင်ခင် ၂၄ နာရီက ရှိခဲ့သော ကူးစက်လူနာသစ် ၁,၁၃၈ ဦးဖြင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့ကျသွားခဲ့ကြောင်း သိရသည်။

ကူးစက်မှု အများဆုံးဖြစ်ပွားသော ဒေသမှာ နိုင်ငံအရှေ့တောင်ပိုင်း ဆာအိုပေါ်လိုပြည်နယ်တွင်ဖြစ်ပြီး ၂,၉၈၁ ဦးထိကူးစက်ခံထားရကြောင်း ၊ ယင်းနောက်တွင် ရီယိုဒီဂျနေရို ၊ စီယာရာ ၊ ပြည်ထောင်စုခရိုင် ၊ မီနက်စ်ဂါရီးယက်စ် ၊ ရီယိုဂရန်ဒီ ၊ ဆန်တာကက်တာရီနာ ၊ ဘာဟီရာ ၊ ပါရာနာ ၊ အမေဇုန် ၊ အက်စ်ပီရီတိုဆန်တို နှင့် ပါနန်ဘူကို စသည့် ဒေသများ အသီးသီးရပ်တည်နေကြောင်း သိရသည်။

မတ် ၃၁ ရက်တွင် ဘရာဇီးနိုင်ငံ သမ္မတ Jair Bolsonaro က နိုင်ငံသို့ မိန့်ခွန်းပြောကြားရာတွင် ကူးစက်ရောဂါသည် “ ကျွန်ုပ်တို့ မျိုးဆက်အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ပြီး ယခုကျန်းမာရေးအကြပ်အတည်းကာလအတွင်း ပြည်သူများ အလုပ်လက်မဲ့မဖြစ်အောင် ကြိုးပမ်းနေရသကဲ့သို့ လူ့အသက်များ ကယ်တင်ရန်လည်း အထူး လိုအပ်နေကြောင်းပြောကြားခဲ့သည်။(Xinhua)