Connect with us

WORLD

ဂျပန်နိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၅,၀၀၀ ကျော်ထိရှိလာ

ဂျပန်နိုင်ငံ၌ လမ်းသွားလမ်းလာများအား နှာခေါင်းစည်းများ ဝေပေးနေစဉ်(ဆင်ဟွာ)

တိုကျို၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ၌ COVID-19 ကူးစက်ပြန့်နှံ့မှုအား ထိန်းချုပ်နိုင်ရန်အတွက် တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာပြီး ၂ ရက်အကြာ ယနေ့ ဧပြီ ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါ ကူးစက်ခံရသူပေါင်း ၅,၀၀၂ ဦး ရှိကြောင်း ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

နိုင်ငံအတွင်း COVID-19 အဆုတ်ရောင်ရောဂါဖြင့်သေဆုံးသူ အရေအတွက် ၁၁၆ ဦးထိရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသေဆုံးသူစာရင်းထဲတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် တိုကျိုမြို့အနီး ယိုကိုဟားမားဆိပ်ကမ်း၌ ကျောက်ချထားရသော Diamond Princess ဇိမ်ခံသင်္ဘောပေါ်တွင်သေဆုံးခဲ့ရသူများပါ ထည့်သွင်း တွက်ချက်ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅,၀၀၂ ဦးအနက် အများစုမှာ တိုကျိုမြို့မှ ဖြစ်ကြောင်း ၊ ယင်းမြို့တွင် အတည်ပြုလူနာ ၁,၃၃၈ ဦးထိရှိကြောင်း သိရသည်။

အိုဆာကာ စီရင်စုတွင် ကူးစက်ခံရသူ ၅၂၄ ဦး ၊ ကာနာဂါဝါစီရင်စုတွင် ၃၆၀ ဦး ၊ ချီဗူးစီရင်စုတွင် ၃၂၄ ဦး ၊ အိုင်ချီစီရင်စုတွင် ၂၈၀ ဦး နှင့် ဆိုင်တမာစီရင်စုတွင် ၂၅၀ ဦး အသီးသီး ကူးစက်ခံရကြောင်း အစိုးရ ကိန်းဂဏန်းများအရ သိရသည်။ 

လက်ရှိတွင် ရောဂါအပြင်းအထန်ခံစားနေရသည့် လူနာပေါင်း ၁၀၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။ ထို့ပြင် ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၁,၂၇၀ ဦးရှိကြောင်း ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)