Connect with us

Agriculture

လယ်ယာ လုပ်ပိုင်ခွင့် ပုံစံ (၇) လက်ဝယ် ရှိသည့် လယ်သမားတိုင်း စိုက်စရိတ်ချေးငွေ အပြည့် ရမည်

မိုးစပါး စိုက်ပျိုးနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ (၇) အမည်ပေါက် လက်ဝယ် ရှိပြီး ယခင် ကြွေးကျန် မရှိသည့် တောင်သူ လယ်သမားများအား မိုးရာသီ စိုက်ပျိုးစရိတ် အပြည့် အဝ ထုတ်ချေးမည် ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောသည်။

“ပုံစံ (၇) အမည်ပေါက် လက်ဝယ် ရှိပြီး ကြွေးကျန် မရှိသူများ ဖြစ်ပါက မိုးရာသီ စိုက်စရိတ်တွေကို သတ်မှတ် နှုန်းထားများအတိုင်း အပြည့် အဝ ထုတ်ချေးပေးပါမယ်၊ ယခင်နှစ်က ငွေမချေးသော လူသစ်များကိုလည်း သတ်မှတ် စည်းကမ်းချက်နဲ့အညီ ချေးငွေများ ထုတ်ချေးပေးနေပါတယ်” ဟု ၎င်းက ပြောသည်။
လယ်ယာ လုပ်ပိုင်ခွင့် ပုံစံ (၇) နှင့် လယ်ယာမြေ မှတ်ပုံတင်ကတ် လက်ဝယ် ရှိသော်လည်း စိုက်ပျိုးစရိတ် ချေးငွေ မရသည့် တောင်သူ လယ်သမားများအတွက် သနပ်ပင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၏ အမေးကို ဝန်ကြီးက ပြန်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တောင်သူများ အတွက် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေနှင့် ပတ်သက်ပြီး မည်သို့ ထုတ်ချေးသွားမည်ကို ပြည်ထောင်စု ဝန်ကြီးက လွှတ်တော်တွင် ဒုတိယ အကြိမ် အတည်ပြု ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ငွေချေးမယ့် တောင်သူ လယ်သမားက လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ (၇) မူရင်းကို ဘဏ်သို့ပြသရန် ယူဆောင်လာရပါမယ်၊ သမဝါယမ ဌာနမှာ ပုံစံ (၇) မူရင်းကို အာမခံ အဖြစ် တင်သွင်းပြီး လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူထားသူ ဖြစ်ရင် မြို့နယ် သမဝါယမ ဦးစီးအရာရှိရဲ့ ထောက်ခံချက်နဲ့ပုံစံ (၇) မိတ္တူနဲ့ပဲ ငွေချေးနိုင်ပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးတွင် လယ်ယာမြေ ဧကပေါင်း ၂,၁၃၈,၂၄၁ ဧက ရှိပြီး ၂၀၁၅ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ ကျပ် ၂၁၃,၅၁၀ ဒသမ ၄၂ သန်းကို ထုတ်ချေးခဲ့သည်။ ယခု ၂၀၁၆ တွင် ချေးငွေ နှုန်းထား အသစ်ဖြစ်သည့် စပါး တစ်ဧက ကျပ် တစ်သိန်းခွဲ၊ အခြား သီးနှံ တစ်ဧက ကျပ် နှစ်သောင်း နှုန်းဖြင့် ခွင့် ပြုထားပြီး ငွေ ကျပ် ၃၃၆,၄၉၇ ဒသမ ၂၇ သန်း ဖြစ်ရာ ယခင်နှစ်က ချေးငွေထက် ကျပ် ၁၆,၂၇၀ ဒသမ ၈၅ သန်း ပိုမို ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.