Connect with us

Agriculture

တိရစ္ဆာန် သန်းခေါင်စာရင်း ကောက်မည်ဟု လယ်/ဆည် ဒုတိယ ဝန်ကြီး ပြော

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တိရစ္ဆာန်များ ကျန်းမာရေး အပါအဝင် အသားကဏ္ဍဆိုင်ရာ ထုတ်လုပ်မှု အတွက် တိရစ္ဆာန် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်းပြီး ယခုနှစ်မှစ၍ ဆောင်ရွက်သွား မည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“အသားကဏ္ဍဆိုင်ရာ ထုတ်လုပ်မှု စာရင်းတွေကို နှစ်စ ကောင်ရေအပေါ် မူတည်ပြီး တိုးပွားကောင်ရေ၊ သေဆုံးကောင်ရေကို စံနှုန်းများနဲ့တိုးတက်မှုနှုန်း တွက်ယူရပါတယ်၊ အခု အချိန်မှာ စီမံကိန်းစာရင်းနဲ့မြေပြင် လက်ကျန်ကောင်ရေ စာရင်း ကွာဟမှု ရှိလာပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာ တိရစ္ဆာန် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ရှေ့ပြေး စီမံကိန်း (Pilot project) အဖြစ် ထည့်သွင်း ဆောင်ရွက် သွားပါမယ်” ဟု ၎င်းက ပြောသည်။
ရေချို- ရေငန် ငါးဖမ်းဆီး ထုတ်လုပ်မှု ကဏ္ဍတို့၏ ကိန်းဂဏန်း အချက်အလက်များ ရရှိရေးကိုမူ FAO က ဦးဆောင်ပြီး နည်းပညာ ပံ့ပိုးမှုဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်သွားမည်ဟု ဝန်ကြီးက ဖြည့်စွက် ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ရေဦး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မင်းသိမ်း၏ “တိရစ္ဆာန် ကောင်ရေ မြေပြင် စာရင်းအမှန်များကို စီမံချက်ချ၍ ကောက်ယူရန် အစီအစဉ် ရှိ မရှိ” မေးခွန်းအား ဒေါက်တာ ထွန်းဝင်းက ပြန်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံး အတွက် စီမံချက်ရေးဆွဲ ကောက်ယူမှုကို နည်းပညာ၊ ဝန်ထမ်းအင်အားနှင့် ဘဏ္ဍာငွေ အကန့်အသတ် ရှိမှုများကြောင့် မဆောင်ရွက်နိုင်သေးကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန် သန်းခေါင်စာရင်းကို ၁၉၈၃ – ၈၄ ဘဏ္ဍာနှစ် မတိုင်မီအထိ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနက ကောက်ယူခဲ့ပြီး ၁၉၈၃ – ၈၄ ဘဏ္ဍာနှစ်မှ ၁၉၉၃ – ၉၄ ဘဏ္ဍာနှစ် အထိ စာရင်းကိုမူ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တို့က ကောက်ယူခဲ့ကြောင်း၊ ၁၉၉၃ – ၉၄ ဘဏ္ဍာနှစ်တွင် မြို့နယ်၊ ကျေးရွာအုပ်စု ကျေးရွာအလိုက် တစ်အိမ်ချင်း ကောက်ယူသည့် စနစ်ဖြင့် ကောက်ယူခဲ့ပြီး ဗဟို စာရင်းကို ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.