Connect with us

Agriculture

တောင်သူများ ၃ နှစ်ကျော်ကာလအတွင်း Call Center သို့ ဆက်သွယ်အကူအညီတောင်းခံသည့်အကြိမ်ရေ ပေါင်း ၅၀၀၀ ကျော်ရှိ

လယ်စိုက်နေသည့် တောင်သူတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် မှ စ၍ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ အထိ ၃ နှစ်ကျော်ကာလအတွင်း စိုက်ပျိုးရေးကဏ္ဍ အတွက် တောင်သူများ Call Center သို့ ဆက်သွယ်အကူအညီတောင်းခံသည့်အကြိမ်ရေပေါင်း ၅၀၀၀ ကျော်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက “ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ တောင်သူတွေ အတွက် နေ့စဉ်ကြုံတွေ့ရတဲ့ စိုက်ပျိုးရေးဆိုင်ရာ ပြဿနာ တွေ ကို နည်းပညာအရ ကူညီဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး စိုက်ပျိုးရေး ကဏ္ဍ အတွက် Call Center ကို ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ စက်တင်ဘာ ၅ ရက်တွင်ပြောသည်။

တောင်သူများ အကူအညီတောင်းခံမှုမှာ Hot Line ဖြင့် အကြိမ်ပေါင်း ၁၂၀၀ ကျော်၊  Viber ဖြင့် အကြိမ်ပေါင်း ၁၅၀၀ ကျော်၊ Facebook ဖြင့် အကြိမ်ပေါင်း ၁၄၀၀ ကျော်၊ ကြိုးဖုန်းဖြင့် အကြိမ်ပေါင်း ၁၀၀၀ ကျော် ရှိကြောင်း သိရသည်။

တောင်သူများ မေးမြန်းမှုနှင့်ပတ်သက်၍  သီးနှံကာကွယ်ရေးဆိုင်ရာများ၊ မြေအသုံးချရေးဆိုင်ရာများ၊ မျိုးစေ့ဆိုင်ရာများ၊ စိုက်ပျိုးရေးပညာဆိုင်ရာများ၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက် နှင့် အပင်ဇီဝဆိုင်ရာများ၊ စက်မှုသီးနှံဆိုင်ရာများ နှင့် အထွေထွေဆိုင်ရာကိစ္စရပ်များအား ဖြေကြားမှုဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

Call Center သို့ မေးမြန်းလာသော မေးခွန်းများ ကို သက်ဆိုင်ရာ ဌာနခွဲအလိုက် အချိန်နှင့်တပြေးညီ ပြန်လည်ဖြေကြားပေးလျက်ရှိကြောင်း၊ တောင်သူများအကူအညီလိုအပ်ပါက Hot Line ဖုန်း၀၁-၂၃၉၉၅၅၅ သို့ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အတွင်း ခေါ်ဆိုမေးမြန်းနိုင်ကြောင်း သိရသည်။  (Xinhua)