Connect with us

Agriculture

တစ်နိုင်ငံလုံးရှိ တောင်သူများအတွက်စပါးမျိုးစေ့ထုတ်လုပ်သည့်ကဏ္ဍတွင် ရန်ပုံငွေကျပ်သန်းပေါင်း ၁၄,၉၁၁ ဒသမ ၃၃၀ သုံးစွဲလျက်ရှိ

တောင်သူများကောက်စိုက်နေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) 

တစ်နိုင်ငံလုံးရှိ တောင်သူများအတွက်စပါးမျိုးစေ့ထုတ်လုပ်သည့်ကဏ္ဍ တွင်ရန်ပုံငွေကျပ်သန်းပေါင်း ၁၄,၉၁၁ ဒသမ ၃၃၀ သုံးစွဲ ၍ မျိုးကောင်းမျိုးသန့်များရရှိစေရေးအတွက် ဧကတစ်သိန်း စီမံကိန်းကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုတွင် လက်ရှိကာလတွင် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာသို့ သြဂုတ် ၁၅ ရက်တွင်ပြောသည်။ 

ဒေါက်တာရဲတင့်ထွန်းက “ဒီရန်ပုံငွေက COVID-19 အတွက် စီးပွားရေးတုံ့ပြန်မှု အနေနဲ့ တောင်သူတွေ မျိုးစပါးထုတ်တဲ့နေရာမှာအသုံးပြုဖို့ နိုင်ငံတော် က ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ စပါးမျိုးစေ့ထုတ်တဲ့ ကဏ္ဍအတွက် ဆောင်ရွက်မှု ကို စက်တင်ဘာလအတွင်းအပြီးလုပ်ဆောင်မှာပါ’’ ဟုပြောသည်။

စပါးသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက် သွင်းအားစုဖြစ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များအား မြန်မာနိုင်ငံရှိ တောင်သူများလိုအပ်သောပမာဏ၊ လိုအပ်သော အချိန်တွင်  အလွယ်တကူရရှိအသုံးပြုနိုင်ကာ စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားမြင့်မားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် COVID-19 ရောဂါကြောင့် လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်နိုင်မှု ကို ကျော်လွှားနိုင်ရန်လည်း ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)