Connect with us

Agriculture

ယခုနှစ်တွင် ရေလှောင်တမံများရေရှိမှု သိသာစွာလျော့နည်းလျက်ရှိပြီး စိုက်ပျိုးရေ အတွက် အခက်အခဲရှိနိုင်ကြောင်းဆို

လယ်စိုက်နေသည့် တောင်သူတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ယခုနှစ်မိုးရာသီ တွင် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ကာလ ၃ ခု လုံးတွင် မိုးရေရရှိမှု နည်းသောကြောင့် ဆည်များတွင်ရေရရှိမှုနည်းလျက်ရှိကြောင်း၊တစ်နိုင်ငံလုံးရှိ ရေလှောင်တမံပေါင်း ၂၃၅ ခု တွင် ၁၇ ခုသာ ရေကျော်ကြောင်း၊ ရေလှောင်တမံများရေရှိမှု မနှစ်ကထက် သိသာစွာလျော့နည်းသွားသည့်အတွက်  စိုက်ပျိုးရေ ခက်ခဲနိုင်သောကြောင့် စိုက်ပျိုးရေးတွင် တောင်သူများရေရရှိရေး အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၂၅ ရက်တွင်ပြောသည်။

“ဒါကြောင့် ကျွန်တော်တို့ ကတောင်သူတွေ ရေသုံးစွဲတဲ့ နေရာ မှာ အလေအလွင့်မရှိအောင် စနစ်တကျ ဖြစ်အောင်၊ လူတိုင်းလဲ အဆင်ပြေအောင် ဆိုပြီး Water User Group ဖွဲ့ပြီး တောင်သူတွေ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ အဖွဲ့တွေ ဖွဲ့ထားတာရှိပါတယ်။ ရေကိုအများကြီး မပေးနိုင်တဲ့ နေရာမှာလည်း တောင်သူတွေ အကျိုးမယုတ်အောင် သီးနှံပုံစံ ပြောင်းပြီး စိုက်ဖို့ ကိုလည်း ကျွန်တော်တို့ ပညာ ပေးမှုအပိုင်းတွေ လုပ်နေပါတယ်။ရာခိုင်နှုန်းတော့ တွက် မကြည့်ရသေးပေမယ့် သိသိသာသာကြီးကို မနှစ်ကထက်ရေရရှိမှု အတော်လျော့နည်းသွားခဲ့ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် နို(လ်) (NOUL)အပူပိုင်းမုန်တိုင်း မှ လေဖိအားနည်းရပ်ဝန်းအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့မှုကြောင့် ရေလှောင်တမံ ၁၇ ခုတွင် ရေကျော်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် အခြားရေလှောင်တမံများတွင် ရေရရှိခဲ့သော်လည်း ရေပြင်ညီအမှတ် သို့ ရောက်ရှိခြင်းနည်းပါးကြောင်း သိရသည်။

“အရင်နှစ်ကဆိုရင် ဒီလိုအချိန်မှာ ရေလှောင်တမံပေါင်း  ၅၀၊ ၆၀ လောက်ရေကျော် ခဲ့တယ်။ ဒီနှစ် က ၁၇ ခုပဲ ရေကျော်တယ်ဆိုတော့ မနှစ်ကထက် သိသိသာသာ ကို ရေရရှိမှု လျော့နည်းခဲ့တယ်။ ကျွန်တော်တို့နိုင်ငံက ဆည်တမံတွေက စိုက်ပျိုးရေအတွက် အဓိက သုံးရတာဖြစ်လို့ ဒီနှစ်က သေချာပေါက် စိုက်ပျိုးရေကနည်းမှာဖြစ်တယ်’’ ဟုဦးမျိုးတင့်ထွန်းက ရှင်းပြသည်။

လက်ကျန်မိုးအခြေအနေ  နှင့် ရေလှောင်ပမာဏ ဆက်လက်ကျဆင်းပါက လာမည့်နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးသီးနှံပြောင်းလဲစိုက်ပျိုးရမည့်အနေအထားတွင်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် မိုးစပါးစိုက်ဧကပေါင်း ၁၃သိန်းလျာထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။  (Xinhua)