Connect with us

Culture & Entertainment

မြန်မာနိုင်ငံ၏ ဒေသ ခြောက်နေရာမှ လက်မှုပညာရပ်များကို ကြည့်ရှုခံစား နိုင်မည့် “လက်မှုမှသည် အနုပညာဆီသို့” ပွဲတော် ပြသရောင်းချ

မြန်မာ့ လက်မှုအနုပညာပြပွဲ နှင့် လက်မှု ပစ္စည်း အရောင်း ပွဲတော်တွင် လက်မှု ရုပ်သေးရုပ်များ ခင်းကျင်း ပြသထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဒေသ ၆ နေရာမှ လက်မှု ပညာရပ်များကို ကြည့်ရှုခံစား နိုင်ရန်နှင့် ဝယ်ယူ စုဆောင်းနိုင်ရန် “လက်မှုမှသည် အနုပညာဆီသို့” မြန်မာ့ လက်မှုအနုပညာပြပွဲ နှင့် လက်မှု ပစ္စည်း အရောင်း ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ဖေဖော်ဝါရီလ ၂၅ ရက်တွင် ရန်ကုန်မြို့၊ ကန်တော်ကြီး ကရဝိတ်ဥယျာဉ်၌ ပြုလုပ်ခဲ့သည်။

ပွဲတော်တွင် မြန်မာနိုင်ငံ ဒေသ ၆ နေရာ ဖြစ်သော အင်းလေးဒေသ(ရှမ်းပြည်နယ်) ၊ မန္တလေး (မန္တလေး တိုင်းဒေသကြီး) ၊ မြစ်ကြီးနား(ကချင်ပြည်နယ်) ၊ ထားဝယ်(တနသာၤရီ တိုင်းဒေသကြီး)၊ မတူပီဒေသ (ချင်းပြည်နယ် မြောက်ပိုင်း) နှင့် ဘီလူးကျွန်း(မွန်ပြည်နယ်)တို့မှ လက်မှု ပညာရှင်များ၏ ဆန်းသစ်သော လက်ရာများကို ပင်မပြခန်းဆောင်ကြီးတွင် ပြသသွားမည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ လက်မှုလုပ်ငန်း အသီးသီးမှလည်း ဆိုင်ခန်းပေါင်း (၅၀) ကျော် ပါဝင်ပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ လက်မှုအနုပညာပြပွဲ နှင့် လက်မှု ပစ္စည်း အရောင်း ပွဲတော်တွင် ခင်းကျင်း ပြသထားသည့် ရုပ်သေးရုပ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဖွင့်ပွဲ အခမ်းအနားတွင် ဗြိတိသျှ ကောင်စီ မြန်မာ၏ ညွှန်ကြားရေးမှူး Kevin Mackenzie မှ ပြပွဲမိတ်ဆက်အမှာစကားပြောကြားခြင်း ၊ Embassy of Switzerland, SDC (Swiss Agency for Development and Cooperation) မှ လက်ထောက် ညွှန်ကြားရေးမှူး Carin Salerno မိတ်ဆက် စကား ပြောကြားခြင်း ၊ New Zero Art Space မှ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအေးကိုက စီမံချက်နှင့် ပြပွဲ အကြောင်း မိတ်ဆက် ပြောကြားခြင်း များအပါအဝင် လက်မှုပညာရှင်ကိုယ်စားလှယ်တစ်ဦးမှ ပြပွဲနှင့်စီမံချက်တွင် ပါဝင် ဆောင်ရွက်ခဲ့မှု များ အကြောင်းကို မိတ်ဆက်တင်ပြခြင်းများ ပြုလုပ်ခဲ့သည်။

မြန်မာ့ လက်မှု ရွှေချည်ထိုး ပန်းချီ ပြုလုပ်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

လက်မှုမှသည် အနုပညာဆီသို့ ခေါင်းစဉ်ဖြင့် မြန်မာ့ လက်မှု အနုပညာ ပြပွဲနှင့် လက်မှုပစ္စည်း အရောင်း ပွဲတော်အား ဗြိတိသျှကောင်စီ၊ SDC (Swiss Agency for Development and Cooperation) နှင့် New Zero Art Space တို့မှ ပူးပေါင်း ပြုလုပ်ပြီး “လက်မှုမှသည် အနုပညာဆီသို့”ရပ်ရွာ အခြေပြု အနုပညာ ဖွံ့ဖြိုးမှု စီမံကိန်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း သိရသည်။

မြန်မာ့ လက်မှုအနုပညာပြပွဲ နှင့် လက်မှု ပစ္စည်း အရောင်း ပွဲတော် ဖွင့်ပွဲ အခမ်းအနား(ဆင်ဟွာ)

ပွဲတော်သို့လာရောက် ကြည့်ရှုသူများသည် ဒေသ ၆ ခုမှ ထွက်ရှိလာသော လက်ရာသစ် ၊ အရည်အသွေးမြင့် လက်မှုပစ္စည်းများကို ကြည့်ရှုနိုင်ရုံမျှသာမက ပြပွဲနှင့် ဆိုင်ခန်းများတွင် ရောင်းချလျက်ရှိသော မြန်မာ လက်မှုပစ္စည်းမျိုးစုံတို့ကို တစ်နေရာတည်းတွင် ဝယ်ယူစုဆောင်းခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပွဲတော်တွင် ခင်းကျင်းပြသထားသော လက်မှုအနုပညာ ပစ္စည်းများအား တတ်ရောက်သူများက လေ့လာ ကြည့်ရှုနေစဉ်(ဆင်ဟွာ)

ထို့ပြင် အချို့သော လက်မှုလုပ်ငန်းများ ပြုလုပ်ပုံ အဆင့်ဆင့် တို့ကိုလည်း လက်တွေ့သရုပ်ပြ နေမှုများကို လေ့လာ ကြည့်ရှုနိုင်မည် ဖြစ်ပြီး ပွဲတော်အား ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၁ ရက်နေ့အထိ ရန်ကုန်မြို့၊ ကန်တော်ကြီး ကရဝိတ်ဥယျာဉ်၌ ပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

မြန်မာ့ လက်မှုအနုပညာ ပစ္စည်းများအား ကြည့်ရှုနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ့ လက်မှုအနုပညာပြပွဲ နှင့် လက်မှု ပစ္စည်း အရောင်း ပွဲတော်တွင် မြန်မာ့ရုပ်သေး အကဖြင့် ဖျော်ဖြေ တင်ဆက်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)