Connect with us

Culture & Entertainment

အစိုးရသစ်လက်ထက်တွင် တန်ခိုးကြီးဘုရားလေးဆူတို့ တစ်နှစ်အတွင်း အလှူငွေ ပိုမိုရရှိဟု ဆို

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ခေတ္တအမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အစိုးရသစ်လက်ထက် တစ်နှစ်အတွင်း ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ မဟာမုနိနှင့် ကမ္ဘာအေး စေတီတော်များ၏ အလှူငွေရရှိမှုမှာ ယမန်နှစ်ကထက် ပိုမို များပြားခဲ့သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ခေတ္တအမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ ရှင်းလင်း ယနေ့ပြောကြားသည်။

“၂၀၁၆ မတ်လ ၃၁ ရက်နေ့အထိ ရွှေတိဂုံစေတီတော် ဘဏ္ဍာငွေ လက်ကျန်စာရင်းမှာ ကျပ်သန်း ၄၆၀၁၀ ဖြစ်ပြီး အစိုးရသစ်တစ်နှစ်တာ ကာလအတွင်း ၂၀၁၇ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ စေတီတော်ကြီးရဲ့ ဘဏ္ဍာငွေ လက်ကျန်စာရင်းက ကျပ်သန်း ၆၀၆၅၆ ဖြစ်လို့ ကျပ်သန်း ၁၄၆၄၆ ပိုမိုရရှိခဲ့ပါတယ်” ဟု နေပြည်တော် ပြန်ကြားရေးဝန်ကြီးရုံးတွင် ယနေ့ညနေပိုင်း ပြုလုပ်သည့် အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာ ရှင်းပွဲ၌ ၎င်းက ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အလားတူပင် ကျိုက်ထီးရိုး စေတီတော် တောင်တော်ဖွင့်ပွဲနေ့ ၂၀၁၆ အောက်တိုဘာ ၁၆ ရက်မှ ၂၀၁၇ ဖေဖော်ဝါရီ ၁၅ ရက်၊ လေးလတာ ကာလအတွင်း အလှူငွေ ရရှိမှုမှာ ကျပ်သန်း ၁၅၄၅ ကျော် ဖြစ်ပြီး ယခင်နှစ် အဆိုပါ လေးလတာအတွင်း ရရှိခဲ့သည့် အလှူငွေမှာ ကျပ် ၄၈၉ သန်းဖြစ်၍ အစိုးရသစ် လက်ထက်တွင် ကျပ်သန်း ၁၀၆၅ သန်းကျော် ရရှိခဲ့ကြောင်း၊ မန္တလေး မဟာမုနိ ဘုရားကြီး ၏ ၂၀၁၆ မတ်လ ၃၁ ရက်နေ့ ဘဏ္ဍာငွေ လက်ကျန်စာရင်းမှာ ကျပ်သန်း ၈၇၁၃ သန်းကျော်၊ အစိုးရသစ် တစ်နှစ်တာအတွင်း ၂၀၁၇ ဇန်နဝါရီ ၃၁ ရက်အထိ ဘဏ္ဍာငွေ လက်ကျန်စာရင်းမှာ ကျပ် သန်း ၁၀၆၄၉ သန်းကျော် ဖြစ်၍ ကျပ် ၁၉၃၁ သန်းကျော် ပိုမို ရရှိခဲ့ကြောင်း ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်မြတ်ကြီးတွင်လည်း ယခင်နှစ် ဘဏ္ဍာငွေ လက်ကျန်စာရင်း ၈၂၇ သန်းကျော် ရှိခဲ့ပြီး ယခုနှစ်တွင် ကျပ် ၈၃၇ သန်းကျော် ရှိသဖြင့် ကိုးသန်းကျော် ပိုမိုရရှိခဲ့ကြောင်း ဦးထွန်းအုံက ရှင်းပြခဲ့သည်။

ထိုသို့ အလှူငွေများ ပိုမို ရရှိခဲ့မှုနှင့် ပတ်သက်ပြီး ၎င်းက “ရွှေတိဂုံ စေတီတော်ရဲ့ ဗုဒ္ဓဝေယျာဝစ္စ လုပ်ငန်းတွေကို ဟန်ချက်ညီ ဆောင်ရွက်နိုင်ရေးမှာ ဂေါပက အဖွဲ့ရဲ့ ဖွဲ့စည်းမှု နဲ့ဆောင်ရွက်ချက် တွေအပေါ် များစွာ တည်မှီနေသလို ဂေါပက အဖွဲ့ရဲ့ စည်းမျဉ်း ကလည်း အသက်တမျှ အရေးကြီး လှပါတယ်၊ အရင်က ရေးဆွဲထားတဲ့ ဂေါပကအဖွဲ့ စည်းမျဉ်းတွေ ကို ခေတ် စနစ်နဲ့ ညီညွတ်စေရန် မွမ်းမံ ပြင်ဆင်ရေးဆွဲပြီး ပြည်ထောင်စု ရှေ ့နေချုပ်ရုံးကို ပေးပို့ပြီး အကြံဉာဏ်တွေ ရယူခဲ့ပါတယ်၊ ပြီးတော့ ခေတ်နဲ့ရင်ပေါင်တန်း လုပ်ကိုင်နိုင်တဲ့ ဂေါပကအဖွဲ့သစ်ကို ၂၀၁၆ ဇွန်လ ၃၀ မှာ ပြင်ဆင် ဖွဲ့စည်းပြီး ထာဝရ ဘက်စုံ လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက် နိုင်ခဲ့ပါတယ်” ဟု ရှင်းပြခဲ့သည်။

ထို့အတူပင် ကျိုက်ထီးရိုးစေတီတော်၌လည်း လုပ်ထုံး လုပ်နည်းနှင့် မညီသည့် လုပ်ငန်း စာချုပ်များ ချုပ်ဆိုပြီး အလှူခံဌာန အလှူခံ ပုံးများအား ကန်ထရိုက်စနစ် ပေး၍ စေတီတော်၏ ဘဏ္ဍာငွေများကို လွဲမှားစွာ အသုံးချ ဆောင်ရွက်ခဲ့မှုများကို ပြင်ဆင်ကာ ဂေါပကအဖွဲ့က အနီးကပ် ကြီးကြပ်သည့် စနစ်ဖြင့် ဆောင်ရွက်စေခဲ့ခြင်း၊ ဘုရားဖူးများ စရိတ်သက်သာစွာ တည်းခိုနိုင်ရေး၊ အချို့အား အခမဲ့ တည်းခိုနိုင်စေရေး တို့ကို အစိုးရသစ် လက်ထက်တွက် ဆောင်ရွက်ပေးနိုင်သောကြောင့် အလှူ ငွေများ အလေအလွင့်နည်းပါးခြင်း၊ ဘုရားဖူးများ စိတ်ချမ်းမြေ့ခြင်း စသည့် အကျိုးများကိုပါ ရရှိခဲ့သည်ဟု ၎င်းက ရှင်းပြခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ တစ်နှစ်တာ ဆောင်ရွက်မှုများတွင် ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အမုန်းစကား ကာကွယ် တားဆီးရေး ဥပဒေမူကြမ်းကို ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့က ရေးဆွဲပြီး ပညာရှင်များနှင့် စိစစ် ပြင်ဆင် ရေးဆွဲကာ ရှေ ့နေချုပ်ရုံး သို့ လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတကာ သဘောထားများ ရယူ၍ လည်းကောင်း၊ မူကြမ်းများ ပြန်လည် ပြုစု၍ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီသို့ တင်ပြနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းလည်း ပါဝင်ကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.