Connect with us

Culture

တရုတ်နိုင်ငံအထောက်အပံ့ဖြင့် ပုဂံသဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေးစီမံကိန်း စတင်

ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

ဘုရားပြုပြင်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံက ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုအနုပညာနယ်ပယ်တွင် ကူးလူးဖလှယ်မှုကိုမြှင့်တင်ပေးပြီး နှစ်နိုင်ငံ၏ “ဗုဒ္ဓရေစက်” ကိုပိုမိုနက်ရှိုင်းစေကာ နှစ်နိုင်ငံပြည်သူများ၏ “ဆွေမျိုးပေါက်ဖော်” သံယောဇဉ်ခိုင်ခံ့စေရေးအတွက် အုပ်တစ်ချပ် သဲတစ်ပွင့်ဖြည့်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ဇန်နဝါရီ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ အထောက်အပံ့ဖြင့် ပုဂံသဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။သံအမတ်ကြီးမစ္စတာချန်းဟိုင်က ပုဂံဘုရားပုထိုးများသည် ကမ္ဘာကျော် နာမည်ကျော်ကြားသည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ကြောင်း ၊ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ပုဂံ၌ငလျင်ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံအစိုးရက ပုဂံဒေသတွင် လာရောက်လေ့လာရန် အလျင်မြန်ဆုံး ပညာရှင်အဖွဲ့စေလွှတ်၍ မြန်မာနိုင်ငံနှင့်အတူ စေတီပုထိုးပြုပြင်မွမ်းမံရေးအစီအစဉ်များဆွေးနွေးညှိနှိုင်းခဲ့ပြီး မြန်မာနိုင်ငံက ကနဦးအရေးပေါ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကူညီရန် လှူဒါန်းငွေပေးအပ်ခဲ့ကြောင်း ၊ ၂၀၁၉ ခုနှစ်မေလမှစ၍ တရုတ်နိုင်ငံသည် သဗ္ဗညုဘုရားအဆောက်အအုံအပိုင်းဖွဲ့စည်းပုံကိုအကဲဖြတ်ခြင်း၊ ဘုရားအရေးပေါ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊ အထွေထွေပြုပြင်ထိန်းသိမ်းရေးအစီအစဉ် အသေးစိတ်ဒီဇိုင်း လုပ်ငန်းများကိုဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ၊ တရုတ်အဖွဲ့သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး တောင်းဆိုချက်အရ ဘုရားပြုပြုင်ထိန်းသိမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က စီမံကိန်းဖွင့်ပွဲ အခမ်းအနားတွင် အမှာစကား ပြောကြားနေစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများက မြန်မာနိုင်ငံရှေးဟောင်းအမွေအနှစ် အဆောက်အအုံများထိန်းသိမ်းရေးအတွက် အင်တိုက်အားတိုက်ထောက်ခံအားပေးမှုကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး ရှည်ကြာသည့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးအစဉ်အလာရှိကြောင်း၊ ပျူခေတ်နှင့်ပုဂံခေတ်ကပင် နှစ်နိုင်ငံသံတမန်များအပြန်အလှန်စေလွှတ်မှုရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်၍ သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဖော်ဆောင်ပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးကိုလက်ဆင့်ကမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက အခမ်းအနားတွင် အမှာစကား ပြောကြားနေစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

၂၀၁၆ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ၆.၈ အဆင့် မြေငလျင် လှုပ်ခတ်ခဲ့ရာ သဗ္ဗညုဘုရား အပါအဝင် စေတီပုထိုးများ ရာနှင့်ချီ ထိခိုက်မှုရှိခဲ့သည်။ မြန်မာနိုင်ငံ၏ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ခိုင်မြဲစေရန်အတွက် မြန်မာနိုင်ငံ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ စန်ရှီးပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသနဌာန စသည့် အဖွဲ့အစည်းများမှ ပညာရှင်များသည် ပုဂံသို့ အကြိမ်များစွာ လာရောက်လေ့လာခဲ့ပြီး စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးအတွက် ကနဦးအစီအစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ပုဂံဒေသ ရှိ သဗ္ဗညုဘုရားအား တွေ့မြင်ရစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပုဂံ၌ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစာလွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလတွင် စန်ရှီးပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သဗ္ဗညုဘုရား အရေးပေါ်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)