Connect with us

Education & Health

နည်းပညာတက္ကသိုလ်များအတွက် လာမည့် စာသင်နှစ်တွင် ဘတ်ဂျက် ပိုသုံးခွင့်ရရန် လွှတ်တော်သို့တင်ပြမည်

အခြေခံပညာ ဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

နည်းပညာ တက္ကသိုလ် ၂၉ ကျောင်းအတွက် လာမည့် စာသင်နှစ်တွင် ဘတ်ဂျက် ပိုမို သုံးစွဲခွင့် ရရန် လွှတ်တော်သို့ တင်ပြမည်ဟု ပညာရေး ဝန်ကြီးဌာနက နည်းပညာ တက္ကသိုလ် ခြောက်ခုတို့မှ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များအား ယနေ့နေ့လယ် တွေ့ဆုံအပြီးတွင် ပြောခဲ့ကြောင်း နည်းပညာ တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင် တစ်ဦးက မီဒီယာသို့ပြောသည်။

“သင်ရိုးညွှန်းတမ်း အခက်အခဲကိစ္စရယ်၊ နည်းပညာကျောင်းတွေအတွက် ဘတ်ဂျက်ကိစ္စရယ်၊ ဆရာ ဆရာမ တွေ အပြောင်း အရွှေ့ကိစ္စနဲ့ဆရာ ဆရာမတွေကို မွမ်းမံ သင်တန်း ပေးဖို့ကိစ္စ၊ နောက်တစ်ခုက CoE နဲ့ TU ကျောင်းတွေ ခွဲခြား ခံရတဲ့ကိစ္စ ၊ အဲဒီ လေးချက်ကို တင်ပြ တောင်းဆိုတာပါ။ ဒီနေ့တွေ့ဆုံမှု ရလဒ်က ကျေနပ်စရာ ကောင်းပါတယ်၊ လာမယ့် ပညာသင်နှစ်မှာ နည်းပညာတက္ကသိုလ်တွေ အတွက် ဘတ်ဂျက် ပိုပြီး သုံးစွဲနိုင်ဖို့ လွှတ်တော်ကို တင်ပြပေးမယ်လို့လည်း ပြောပါတယ်” ဟု ရန်ကုန် အနောက်ပိုင်း နည်းပညာ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အတွင်းရေးမှူး မအိသဉ္ဇာငြိမ်းက တွေ့ဆုံပွဲ အပြီးတွင် မီဒီယာကို ပြောသည်။

နည်းပညာ တက္ကသိုလ် ခြောက်ခုတို့မှ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ကိုယ်စား အခြေခံပညာ ဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းနှင့် နေပြည်တော် ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းတွင် ယနေ့နံနက်ပိုင်း တွေ့ဆုံခဲ့အပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သင်ရိုးညွှန်းတမ်း အခက်အခဲတွေကိုတော့ ကျောင်းသားတွေနဲ့ဆရာ ဆရာမတွေ အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ချပြပေးမယ်လို့ ပြောပါတယ်၊ ၂၀၁၃ ကနေ တက်လာတဲ့ BE ငါးနှစ် အတွက် သင်ရိုး ညွှန်းတမ်း အပြင် နောက် တစ်နှစ် ထပ်တိုးသွားတဲ့ BE တိုက်ရိုက် သင်တန်း 6th BE အတွက် သင်ရိုးကိုပါ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ၊ ပြင်ပ ပညာရှင်တွေပါ သုံးသပ်ဝေဖန်လို့ရအောင် ပွင့်ပွင့် လင်းလင်း ချပြပေးမယ်လို့ပြောပါတယ်၊ အဲဒီ 1th BE ကနေ 6th BE အတွက် သင်မယ့် ဆရာ ဆရာမတွေကို မွမ်းမံ သင်တန်းတွေ ပေးဖို့လည်း စီစဉ်ပေးမယ်လို့ပြောသွားပါတယ်” ဟု ၎င်းက ဖြည့်စွက် ပြောသည်။

ယနေ့ တွေ့ဆုံမှုမှာ ဒုတိယအကြိမ် တွေ့ဆုံမှု ဖြစ်ပြီး ထိုသို့တွေ့ဆုံအပြီးတွင် နည်းပညာ တက္ကသိုလ် တစ်ကျောင်းချင်း၏ မတူညီသည့် အခက်အခဲများ ကို တင်ပြနိုင်ရန်လည်း ယနေ့ တက်ရောက်လာသည့် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တို့က ကျန်နည်းပညာ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု သိရသည်။ (Xinhua)