Connect with us

Education & Health

၂၀၂၀ တွင် လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး လွှမ်းခြုံမှု ရရှိရန် ဆောင်ရွက်မည်ဟုဆို

အမျိုးသား ကျန်းမာရေး စီမံကိန်း (၂၀၁၆ -၂၀၂၁) စတင် ဆောင်ရွက်ခြင်း အခမ်းအနားတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

သက္ကရာဇ် ၂၀၂၀ တွင် လူတိုင်း လက်လှမ်းမီနိုင်သည့် ကျန်းမာရေး လွှမ်းခြုံမှု (UHC:_ Universal Health Coverage) ရရှိစေရန် ဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။

“သက္ကရာဇ် ၂၀၂၀ မှာ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ရရှိစေနိုင်မယ့် အခြေခံ ကျန်းမာရေး ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့၊ နိုင်ငံတစ်ဝှမ်းလုံး UHC ကွန်ယက်နဲ့ လွှမ်းခြုံနိုင်ဖို့အခြေခံ အုတ်မြစ်ကို ချပေးဖို့ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု အမျိုးသား ကျန်းမာရေး စီမံကိန်း (၂၀၁၆ -၂၀၂၁) စတင် ဆောင်ရွက်ခြင်း အခမ်းအနား၊ အဖွင့် မိန့်ခွန်းတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် ရောဂါပုံစံ အပြောင်းအလဲများ အကြားတွင် အနှစ် ငါးဆယ်ခန့် ရုန်းကန် ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံသည် ယနေ့အထိလူသား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ နိမ့်ကျလျက်ရှိကြောင်း၊ အတိတ်ကာလက မကြုံခဲ့ဖူးသည့် စိန်ခေါ်မှု အသစ်များ ဖြစ်သော ပြည်သူလူထု၏ ကျန်းမာရေး လိုအပ်ချက်၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံ ရှားပါး ချို့တဲ့မှု၊ ကျန်းမာရေး ဝန်ထမ်းများ၏ အခက်အခဲ၊ မပြည့်စုံသေးသည့် စွမ်းအားစုများ၊ ရောဂါ အသစ်အဆန်းများ၊ ကပ်ဘေးဒုက္ခများ၊ စသည့် အခြေအနေ အမျိုးမျိုးတို့နှင့် တိုက်ပွဲဝင်နေရကြောင်း၊ ထို့ကြောင့် အမျိုးသား ကျန်းမာရေး စီမံကိန်း ရေးဆွဲမှု လုပ်ငန်းကို ပွင့်လင်း မြင်သာသော လုပ်ငန်း ဖြစ်အောင် ဖန်တီးထားကြောင်း၊ အများပြည်သူ့ လိုအပ်ချက်ကို လက်တွေ့ဖြည့်ဆည်းနိုင်သည့် စနစ်တစ်ခု တည်ဆောက်ပေးလိုကြောင်းလည်း ဝန်ကြီးက ပြောခဲ့သည်။

အမျိုးသား ကျန်းမာရေး စီမံကိန်း (၂၀၁၆ -၂၀၂၁) စတင် ဆောင်ရွက်ခြင်း အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ထို့အပြင် ၎င်းက “ မြေနိမ့်ရာ လှံစိုက် ဆိုသလို ဆင်းရဲ နွမ်းပါးသူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုကို ရဖို့ငွေကုန် ကြေးကျ များရင်း ဆင်းရဲတွင်း နက်သထက် နက်သွားရတာကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာမှာ ကျင့် သုံးနေတဲ့ လူတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေး လွှမ်းခြုံမှု (Universal Health Coverage) ဆိုတဲ့ အခြေအနေကို အရောက်သွားဖို့လိုအပ်ပါတယ်၊ ဒါကြောင့် စနစ်တစ်ခုတည်းရဲ့ ထီးရိပ်အောက်မှာ ကျွန်တော်တို့ လက်တွဲ ညီညီ ရှေ့သို့ချီတက်ကြပါစို့” ဟုလည်း တက်ရောက်လာသူများကို တိုက်တွန်း ပြောကြားခဲ့သည်။

နေပြည်တော် Grand Amara ဟိုတယ်တွင် ယနေ့နံနက် ၉ း ၀၀ နာရီ၌ ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားသို့ကာကွယ်ရေးဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားရေးမှူးများ အပါအဝင် စီမံကိန်းနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ပညာရှင်များ၊ ပြည်တွင်း ပြည်ပ NGOs များ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းတာဝန် ခွဲဝေခြင်း၊ ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအား ရင်းမြစ်၊ ကျန်းမာရေးအတွက် ဘဏ္ဍာငွေ နှင့် အခြား အထွေထွေကဏ္ဍ စသည့် နယ်ပယ် ငါးခုတို့အတွက် ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117