Connect with us

Education & Health

နိုင်ငံတော်၏ သားကောင်း ရတနာများကို ကလေးစာပေများနှင့်အတူ ပြုစု ပျိုးထောင်ကြရန် သမ္မတ တိုက်တွန်း

ကလေး စာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

အနာဂတ်နိုင်ငံတော်၏ သားကောင်း ရတနာများ ဖြစ်သည့် ကလေးငယ်များကို ကလေးစာပေများ၊ ကလေးစာဖတ်ခန်းများ၊ ကလေးကဗျာများနှင့်အတူ ပြုစု ပျိုးထောင်ပေးကြရန် အကြံပြု တိုက်တွန်းကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ နေပြည်တော် MICC II တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ကလေး စာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ငယ်စဉ်က ကြား နာ ရွတ် ဆို ခဲ့ရတဲ့ အမေမျှော် တေးတွေ၊ သားချော့တေးတွေဟာ ကျွန်တော်တို့ ကလေးစာပေ သမိုင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက် အလွန်ပင် တန်ဖိုးရှိပါတယ်လို့ ပြောလိုပါတယ်။ အဲဒီကလေးစာပေတွေကတစ်ဆင့် ကျွန်တော်တို့ကို ရိုးသားမှုတွေ၊ အားမာန်သတ္တိတွေ၊ နိုင်ငံချစ်စိတ်တွေ၊ မွေးဖွားပေးခဲ့တာ ဖြစ်တဲ့အတွက် အနာဂတ်နိုင်ငံတော်ရဲ့ သားကောင်း ရတနာတွေကို ကလေးစာပေတွေ ကလေးစာဖတ်ခန်းတွေ၊ ကလေးကဗျာတွေနဲ့အတူ ပြုစုပျိုးထောင်ပေးကြပါလို့ အကြံပြု တိုက်တွန်းလိုပါတယ်” ဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်က တက်ရောက်လာသော ဧည့်သည်တော်များ၊ ကျောင်းသား ကျောင်းသူများ ၊ မီဒီယာများအား ပြောကြားခဲ့သည်။ထို့အပြင် သမ္မတက “ကလေးတွေကို ကျောင်းသင်ခန်းစာများအပြင် စာပေဖတ်ရှု လေ့လာတတ်တဲ့ အလေ့အထတွေ ပေါ်ပေါက်လာအောင် ကျောင်းပတ်ဝန်းကျင်၊ အိမ်ပတ်ဝန်းကျင်တွေကို အသိပညာ ဆည်းပူးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းများ ဖြစ်အောင် ဖြည့်ဆည်း ဖန်တီးပေးကြပါ” ဟုလည်း တိုက်တွန်းခဲ့သည်။

ကလေး စာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတော် သမ္မတ ဦးထင်ကျော် အားတွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကလေးစာပေပွဲတော် ၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ် (ဓာတ်ပုံ-MOI)

ကလေးစာပေသည် အခြားစာပေများထက် ပိုပြီး ခက်ခဲနက်နဲသည်ဟု ခံစားမိကြောင်း၊ လူကြီးစာပေဆိုသည်မှာ နယ်နိမိတ် သတ်မှတ်ချက် နည်းပါးပြီး စိတ်ရှိသလောက် လွတ်လပ်စွာ ဖန်တီးနိုင်သည်ဟု မိမိ ထင်မြင်မိပါ ကြောင်း၊ ကလေးစာပေများကမူ ကလေးများနှင့် ရင်းနှီးသည့် ပတ်ဝန်းကျင်မှ အကြောင်းအရာများကိုသာ စဉ်းစားရကြောင်း၊ ကလေးများ၏ အသိဉာဏ်မှာ နုနယ်ပြီး စိတ်ကူးယဉ်တတ်ကြသဖြင့် ကလေးများ၏ အတွင်း စိတ်ကို ဝင်ကြည့်ပြီး ထိုစိတ်ကူး စိတ်သန်းများနှင့် လိုက်ဖက်ညီအောင် ရေးသားဖန်တီးကြရတာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကလေးစာပေသည် မိမိတို့၏ ကလေးလူငယ်များကို အပြစ်ကင်းအောင်၊ ပျော်ရွှင်အောင်နှင့် ချစ်စရာ အကောင်းဆုံး လူသားများ ဖြစ်အောင် ဖန်တီးရေးဖွဲ့ကြရသည့် စာပေဖြစ်သောကြောင့် အလွန် တန်ဖိုးရှိသည်ဟု ပြောရမှာဖြစ်ကြောင်း၊ ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း မိမိတို့ အားလုံး အားပေး မြှင့်တင်ပေးရမည့် စာပေအမျိုးအစား တစ်ခုဟု တွေးမြင်ခံစားရပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ကျောင်းသား ကျောင်းသူများနှင့် အတူ ကလေး စာပေပွဲတော်ကြီးကို တက်ရောက်အားပေးဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း လည်း သမ္မတကြီးက အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ဒီနေ့ပြုလုပ်တဲ့ ကလေးစာပေ ပွဲတော်ကြီးဟာ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းများကို ဉာဏ်ရည် ဉာဏ်သွေး နဲ့ အယူအဆတွေ ထက်မြတ်လာစေဖို့ ကလေးများရဲ့ တီထွင် ဖန်တီးလိုစိတ်များ ရင့်သန်လာစေဖို့၊ ကလေးတွေ စာပေနဲ့ ရင်းနှီးပြီး စာဖတ်ဝါသနာ ပါလာစေဖို့နဲ့ ကလေးများ ပျော်ရွှင်လာစေဖို့ ရည်ရွယ်ကျင်းပတဲ့ ပွဲတော်ကြီး ဖြစ်တဲ့အတွက် အားလုံး ဝိုင်းဝန်း ပူးပေါင်း ကူညီကြပေးပါ။ အနာဂတ် နိုင်ငံတော်ရဲ့ လူသား အရင်းအမြစ် ဖွံ့ဖြိုး ရေး ကို အထောက်အကူပြုစေမယ့် ကလေးစာပေ၊ ကလေးကဗျာ၊ ကလေး စာဖတ်ခန်းတွေ ဖွံ့ဖြိုးလာအောင် တတ်နိုင်တဲ့ ကဏ္ဍ အသီးသီးကနေ အားပေးကူညီကြပါ” ဟုလည်း သမ္မတက တိုက်တွန်း ပြောကြားခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်ကလည်း “ကလေးများရဲ့စာပေပွဲတော်မှာ ကလေးတွေအတွက် ပျော်စရာ ရွှင်စရာ အစီအစဉ် တွေ မျိုးစုံ တတ်နိုင်သမျှ စုံလင်စွာ စီစဉ်ပေးထားပါတယ်။ ကလေးတွေ ဒီကနေ့ ပွဲတော်ကို လာတဲ့အခါမှာ ပျော်ရွှင်သွားဖို့သည် ပထမဆုံးရည်ရွယ်ချက် ဖြစ်ပါတယ်။ ကလေးတွေ ပျော်ရွှင်စေဖို့ စီစဉ်တာပါ။ ပျော်ရွှင်ရင်းနဲ့ပဲ တစ်ချိန်တည်းမှာ ပြသထားတဲ့ ပြကွက်တွေ ကြည်ရှု့ရင်းနဲ့ပဲ ခေါင်းထဲမှာ နောင် နှစ်ပေါင်းများစွာ၊ မမေ့နိုင်စရာ သူတို့အတွက် အသိဉာဏ် တစ်စုံတစ်ရာ တိုးသွားတဲ့ ပြကွက်တွေကိုလည်း သူတို့ ရလိမ့်မယ်လို့ မြင်ပါတယ်။ ဒီနောက်ပျော်ရွှင်ပွဲ ဝင်ရောက်ပြီးတော့ကစားတဲ့ အစီအစဉ်တွေ ဒါတွေမှာလည်းပါဝင်ဆင်နွဲခဲတာကို နောင်တစ်ချိန် ကျရင် အမှတ်ရကျဖို့ ဒီလိုလည်း ရည်ရွယ် ချက်ရှိပါတယ်။ ဒါကြောင့် ပျော်ရွင်မှု့နဲ့အတူ အသိ ဉာဏ်ပညာလေးတွေ တစ်စုံတစ်ရာ တိုးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု ကလေးစာပေပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။နေပြည်တော်တွင် ပထမဦးဆုံး အကြိမ် အဖြစ် ကျင်းပခဲ့သည့် ကလေး စာပေပွဲတော်သို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် အတူ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယ ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကလေးစာပေ ထုတ်ဝေသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များလည်း တက်ရောက်ခဲ့ကြပြီး နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပေးသွားမည် ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.