Connect with us

Education & Health

မြန်မာနိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ ၁၅၁ဦးရှိပြီး သေဆုံးသူ ၁၃ ဦးရှိ

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဂျပန်ဦးနှောက်ရောင်ရောဂါ စီမံချက်မန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဂျပန် ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ ၁၅၁ ဦးရှိပြီး သေဆုံးသူ ၁၃ ဦး ရှိလာကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဂျပန်ဦးနှောက်ရောင်ရောဂါ စီမံချက်မန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းက ပြောကြားသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဂျပန် ဦးနှောက်ရောင်ရောဂါဖြစ်ပွားလျက်ရှိရာ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း ၎င်းကဆိုသည်။
” တခြားရောဂါထက်စာရင် သေဆုံးနိုင်ခြေမြင့်မားတဲ့အတွက် ကုသရေးအပိုင်းမှာ အားစိုက် ဆောင်ရွက်နေပါတယ်။ ကုသရေးအပိုင်းမှာလည်း အားစိုက်ကုပေးနေ သလို ကာကွယ်နှိမ်နင်းရေးအပိုင်း ကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်နေတယ်”ဟု ဒေါက်တာဇော်လင်းက ပြောသည်။
ဂျပန်ဦးနှောက်ရောင် ရောဂါပိုး(Japanese Encephalitis Virus) သယ်ဆောင်သော ကျူးလက်ခြင် (Culex tritaeniorhynchus) ကိုက် ခြင်းကြောင့် ရောဂါဖြစ်ပွားကြောင်း သိရပြီး ခြင်မှတစ်ဆင့်ပိုးသည် ဝက်၊ ငှက်၊ ဘဲ၊ ခို၊ လင်းနို့ စသည်တို့၏ ခန္ဓာ ကိုယ်ထဲတွင် ကူးစက်ပွားများကာ အဆိုပါတိရစ္ဆာန်များနှင့် နီးကပ်စွာ နေထိုင်သောလူများတွင် ဖြစ်ပွားလေ့ ရှိ ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။
ဂျပန်ဦးနှောက်ရောင်ရောဂါသည် ခြင်ကိုက်ရာမှရရှိသော ရောဂါဖြစ်သောကြောင့် အသက်အရွယ်မရွေး၊ ကျား-မ မရွေးကူးစက်ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရောဂါဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သတင်းပေး ပို့ခြင်း၊ ဂျပန်ဦးနှောက်ရောင်ရောဂါဆိုင်ရာ မေးမြန်းစုံစမ်းခြင်း၊ လူနာအိမ်နှင့် ပတ်ဝန်းကျင်တွင် ဖျားနာသူများ ရှိ/ မရှိ ကျန်းမာရေးဝန်ထမ်းများက ရှာဖွေခြင်း၊ လူနာနေအိမ် ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များတွင် အလားတူရောဂါ ရှိ/မရှိ စုံစမ်း စစ်ဆေးခြင်း၊ ခြင်နှိမ်နင်းရေးလုပ်ငန်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်း စဉ်များကို ဆောင်ရွက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.