Connect with us

Education & Health

မြန်မာနိုင်ငံ၌ ၇နှစ်အတွင်း တီဘီရောဂါဖြစ်ပွားမှု ထက်ဝက်ခန့်ကျဆင်း

မြန်မာနိုင်ငံ တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းလုပ်ငန်းများ ပူးပေါင်း ကွင်းဆင်းဆန်းစစ်မှု အစည်းအဝေး(ကျန်းမာရေး)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှုသည် ၂၀၁၇-၂၀၁၈ခုနှစ်တွင် ၂၀၀၉-၂၀၁၀ခုနှစ်များထက် ထက်ဝက်ခန့်ကျဆင်းလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများသည် အောင်မြင်မှု အတိုင်းအတာ တစ်ခုအထိ ရရှိနေပြီဖြစ် သော်လည်း တီဘီရောဂါဖြစ်ပွားမှုများသည် မြန်မာနိုင်ငံ၌ပြည်သူ့ ကျန်းမာ ရေးပြဿနာ (public health problem) တစ်ရပ် အဖြစ်ရှိနေပြီး ကမ္ဘာ့တီဘီရောဂါအဖြစ်အများ ဆုံးနိုင်ငံ (၃၀) တွင်ဆက်လက်ပါဝင်နေ သေးကြောင်း၊ အဆိုပါ တီဘီရောဂါဖြစ်ပွားမှှုအများဆုံး နိုင်ငံများ စာရင်း၌ မပါဝင်စေရန်ပိုမို၍ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တီဘီရောဂါဖြစ်ပွားသူ ရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသမှုပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ခုခံကျ ရောဂါ ဖြစ်ပွားနေပြီး ART ဆေးဝါး သောက်သုံးနေရသူများတွင် တီဘီရောဂါကူးစက်ဖြစ်ပွားမှု ကြိုတင် ကာကွယ် သည့် အနေဖြင့် ဆေးသောက်သုံးခြင်း (chemopro phylaxis) လွှမ်းခြုံမှုရာခိုင်နှုန်း တိုးမြှင့်စေရေးကိုလည်း ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းလုပ်ငန်းများ ပူးပေါင်း ကွင်းဆင်းဆန်းစစ်မှု တွေ့ရှိချက်များကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (ရုံးချုပ်) မှ WHO Global Task Force on TB Impact Measurement ၏ဥက္ကဋ္ဌ Dr. Jaap Broekmans နှင့် ကွင်းဆင်း အဖွဲ့ဝင်များက ရှင်းလင်း တင်ပြသည့် အစည်းအဝေး (Joint programme review mission for Tuberculosis (2019) high level meeting) ကို သြဂုတ် ၂၁ ရက် နံနက်တွင် Hilton Hotel နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)