Connect with us

Education & Health

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာ

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်း အခမ်းအနားအား တွေ့ရစဉ်(ဓာတ်ပုံ - Yangon Region Government)

ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်း အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲသဘင်ကို ရာပြည့် ကာလဖြစ်တဲ့ ဒီနေ့က စပြီး စည်ကားသိုက်မြိုက် ခမ်းနားထည်ဝါစွာနဲ့ တစ်ဆင့်ပြီး တစ်ဆင့် အရှိန်အဟုန်မြင့်ပြီး ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ဒီလိုကြုံတောင့် ကြုံခဲဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနား ကြီးကို ဆင်ယဉ်ကျင်းပခွင့်ရတာ ကျွန်မတို့ အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူစရာ အခွင့်ထူးကြီးပဲ ဖြစ်ပါတယ်။” ဟု အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် အဖွင့်မိန့်ခွန်း ပြောကြားစဉ်(ဓာတ်ပုံ – Yangon Region Government)

ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလတွင် ဦးစားပေး ဆောင်ရွက်နေသော လုပ်ငန်းစဉ်သည် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ် ပြန်လည် မွမ်းမံမှုများ၊ အဆင့်မြှင့်တင်မှုများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး မဟာစီမံကိန်း Master Plan တစ်ခုကို ရေးဆွဲ အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် ပါဝင်သော ဦးစီးကော်မတီ ဖွဲ့စည်းပြီး အကောင်အထည်ဖော်လျက်ရှိကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်း အခမ်းအနားအား တွေ့ရစဉ်(ဓာတ်ပုံ – Yangon Region Government)

ရန်ကုန်တက္ကသိုလ်၏ ရာပြည့်အခမ်းအနားကြီးကို မြန်မာ့ပညာရေးအောင်ပွဲအဖြစ် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းလိုကြောင်း မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ အထိ တစ်နှစ်ပတ်လုံး ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။၁၉၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာ ၁ ရက်တွင် စတင် ပေါက်ဖွား လာခဲ့ သည့် ရန်ကုန်တက္ကသိုလ်သည် လာမည့် ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာ (၁) ရက်တွင် နှစ်ပေါင်း (၁၀ဝ) ပြည့်မြောက်ပြီ ဖြစ်ကြောင်း သိရသည်။(Xinhua)