Connect with us

Education & Health

၂၀၂၅ ခုနှစ်တွင် မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှု လုံးဝကင်းစင် ပပျောက်သွားသည်အထိ ဆောင်ရွက် သွားရန် ရည်ရွယ်ထား

ဗဟိုအဆင့်ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်း အနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး မိန့်ခွန်း ပြောကြားစဉ်(ဓာတ်ပုံ - Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

 မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင် မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှု လုံးဝ ကင်းစင် ပပျောက် သွားသည်အထိ ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

ကိုယ်ဝန်ဆောင်မိခင်များတွင် အိပ်ချ်အိုင်ဗွီ ဖြစ်ပွားမှုနှုန်းမှာလည်း ၂၀၁၁ ခုနှစ်တွင် ၀ ဒသမ ၈၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၀ ဒသမ ၅၇ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ဗဟိုအဆင့်ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်း အနားတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက် ခံနေရသူ ဦးရေ ၂၃၇,၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာ ၀ ဒသမ ၅၇ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းတွက်ချက်မှုအရ သိရှိရကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဆိုသည်။ထို့အတူ အိပ်ချ်အိုင်ဗွီရောဂါအသစ်ကူးစက်ခံရမှုမှာ ၂၀၀၀ ပြည့်နှစ်တွင် ၂၉,၀၀၀ ခန့်ဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၁၀,၀၀၀ ကျော်အထိ ကျဆင်းလာခဲ့ကြောင်း၊ ရောဂါပိုးအသစ်ကူးစက်ခံရမှုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း ကျော်မှာ မူးယစ်ဆေးထိုးသွင်းသူများ၊ အမျိုးသမီး လိင်လုပ်သားများနှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများ စသည့်အန္တရာယ်ရှိသော ဦးတည်အုပ်စုများ အတွင်းဖြစ်နေသည်ကို တွေ့ရှိရကြောင်း ၊ အဆိုပါ ဦးတည်အုပ်စုများကို ဦးစားပေး အလေးထား၍ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများအား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အိပ်ချ်အိုင်ဗွီပိုးအသစ် ကူးစက်ခံရမှုသည် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်ပွား နေခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်မားဆုံး ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။၂၀၁၅ ခုနှစ်အစတွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူ နှစ်သိန်းကျော်အနက် လူနာ ၈၅,၀၀၀ ကျော်ကိုသာ ဘဝ တစ်သက် တာ သောက်ရမည့် အေအာတီဆေး ဖြင့် ကုသမှုပေးနိုင်ခဲ့ရာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ တွင် လူနာပေါင်း ၁၇၅,၀၀၀ ကျော် နှစ်ဆကျော်ထိ တိုးမြှင့်ကုသမှုပေး နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် အိပ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းကို အမျိုးသားရေးအသွင်ဖြင့် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အိပ်ချ်အိုင်ဗွီပညာပေး လုပ်ငန်း၊ အခမဲ့ ကွန်ဒုံး ဖြန့်ဝေ ပေးခြင်း လုပ်ငန်း၊ ကာလသားရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးပြီး ကုသပေးခြင်း လုပ်ငန်း၊ မူးယစ်ဆေး အကြောထဲ ထိုးသွင်း သူများကြား အိပ်ချ်အိုင်ဗွီပိုးကူးစက် ခံရမှု အန္တရာယ်လျှော့ချရေး လုပ်ငန်း၊ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရခြင်း ရှိ/ မရှိ သွေးစစ်ဆေးခြင်း လုပ်ငန်း၊ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီ ပိုးကူးစက်မှုမှ ကာကွယ်ရေး လုပ်ငန်း၊ အေအာတီ ဆေးဖြင့်ကုသခြင်း လုပ်ငန်းများကို တစ်နိုင်ငံလုံး လွှမ်းခြုံမှုရရှိအောင် တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.