Connect with us

Education & Health

မြန်မာ့ လူနေမှု ဘ၀ ကျန်းမာရေး ဆိုင်ရာ စစ်တမ်းသည် လာမည့် ငါးနှစ် စီမံကိန်းအတွက် အကျိုးထူး ရစေနိုင်

မြန်မာ့ လူနေမှု ဘ၀ ကျန်းမာရေး ဆိုင်ရာ အခြေခံ အချက်အလက် စစ်တမ်းအကြောင်း ပြည်သူ့ ကျန်းမာရေး၊ ကျန်းမာရေး ပညာပေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသက်သက်မူ ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတို့ရှိ အိမ်ထောင်စု ၁၂၅၀၀ အား မေးမြန်း ကောက်ယူခဲ့သည့် မြန်မာ့ လူနေမှုဘ၀ ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက် စစ် တမ်း (၂၀၁၅ – ၂၀၁၆) (Myanmar Demographic and Health Survey- 2015 -16)သည် ကျန်းမာရေးဝန်ကြီးဌာန၏ လာမည့် ငါးနှစ်စီမံကိန်းအတွက် အကျိုး ထူးများ ရရှိစေနိုင်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး၊ ကျန်းမာရေး ပညာပေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာသက်သက်မူက ယနေ့ နံနက်ပိုင်းတွင် မီဒီယာသို့ ဖြေကြားခဲ့သည်။

“တစ်နိုင်ငံလုံးကို ကိုယ်စား ပြုနိုင်တဲ့ အချက်အလက်တွေ ရဖို့စစ်တမ်း ကောက်ကွက်ပေါင်း ၄၄၂ ကွက် သတ်မှတ်ပြီး ၂၀၁၅ ဒီဇင်ဘာလ ၇ ရက်ကနေ ၂၀၁၆ ဇူလိုင်လ ၇ ရက်၊ အချိန် ခုနစ်လယူပြီး ဆောင်ရွက်ခဲ့တဲ့ ဒီစစ်တမ်းဟာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကိုရော တစ်နိုင်ငံလုံး ကိုပါ ကိုယ်စားပြုတဲ့ အချက်အလက်တွေဖြစ်ပါတယ်၊ ကျန်းမားရေး ဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အသီးသီးက စီမံချက် မန်နေဂျာတွေဆီကို ဒီစစ်တမ်းက အချက်အလက် အားလုံးကို ပို့ထားပြီးပါပြီ၊ ဒီသတင်း အချက် အလက်တွေက သက်ဆိုင်ရာ ဒေသတွေရဲ့ ငါးနှစ် စီမံကိန်းတွေမှာ အကျိုးထိရောက်စေ နိုင်ပါတယ်” ဟု နေပြည်တော် ဇမ္ဗူသီရိဟိုတယ်တွင် ယနေ့ နံနက်ပြုလုပ်သည့် Journalist Workshop on Myanmar Demographic and Health Survey (2015 – 2016) ပွဲတွင် မီဒီယာများအား ပြောခဲ့သည်။

စစ်တမ်းတွင် နေအိမ် ပိုင်ဆိုင်မှု၊ စံမီ အိမ်သာ အသုံးပြုနိုင်မှု၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိမှု၊ ပညာရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း၊ အာဟာရ ပြည့်ဝမှု၊ သက်တမ်း၊ အိမ်ထောင်ရေး၊ မိသားစု မျှော်မှန်းချက်၊ မိခင်နှင့် ကလေး ကျန်းမာရေး၊ မွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ အမျိုးသမီးများအား အိမ်ထောင်ဦးစီးက စိတ်ပိုင်း၊ ရုပ်ပိုင်း အနိုင်ကျင့်ခြင်း (အိမ်တွင်း အကြမ်းဖက်မှု)နှင့် မိသားစုအတွင်း ဆုံးဖြတ်ချက် ချခွင့် ရရှိမှု၊ စသည့် မြန်မာ့ လူနေမှု ဆိုင်ရာ အခြေခံ အချက်အလက် ၁၇ မျိုး ပါဝင်ပြီး ငါးနှစ်အောက် ကလေးငယ် များ သေဆုံးမှုသည် ကလေးငယ် ၁၀၀၀ (တစ်ထောင်) ဦး တွင် ယခင်က ၁၀၀ ဦး (၁၀ %)ခန့်ရှိခဲ့ရာမှ ယခု ၅၀ ဦးခန့်( ၅%)အထိကျဆင်းသွားကြောင်း ဖော်ပြထားသည်။

ထို့အတူ ငါးနှစ်အောက် ကလေးများ၏ ၅၀ ရာခိုင်နှုန်းက မိခင်နို့ သောက်သုံးနေပြီး၊ ၂၆ ရာခိုင်နှုန်းက နို့မဟုတ်သည့် အခြား အရည်များ သောက်သုံးနေကာ ၂၁ ရာခိုင်နှုန်းမှာ ဖြည့်စွက် အစာများ စတင် ကျွေးမွေးခြင်း ရှိနေကာ မိခငိနို့မသောက်သုံးရသည့် ကလေးမှာ ၂ ရာခိုင်နှုန်းရှိကြောင်း၊ မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အမျိုးသမီးများအနက် ၆၅ ရာခိုင်နှုန်းသည် ပုံမှန် ရှိသင့်သည့် ကိုယ် အလေးချိန်ရှိပြီး ၁၆ ရာခိုင်နှုန်းက ပိန်လှီကြကာ ၁၉ ရာခိုင်နှုန်းမှာ ရှိသင့်သည်ထက် ပိုကြောင်း၊ ၆ ရာ ခိုင် နှုန်းကမူ ပုံမှန်ထက် ပိုပြီး ၀ နေကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

ထိုစစ်တမ်းပါ ဖော်ပြချက်များသည် တစ်နိုင်ငံလုံး ခြုံငုံသည့် အချက်အလက်များသာမက တိုင်းဒေသ ကြီးနှင့် ပြည်နယ်တစ်ခုချင်းအတွက်ပါ ခွဲခြား ဖော်ပြထားပြီး အခြား အိမ်နီးချင်း နိုင်ငံများနှင့်လည်း နှိုင်းယှဉ် ဖော်ပြထားသည်။အဆိုပါ စစ်တမ်းသည် မြန်မာနိုင်ငံ၏ မြန်မာ့ လူနေမှုဘ၀ ကျန်းမာရေးဆိုင်ရာ အခြေခံ အချက် အလက် နှင့် ပတ်သက်ပြီး ပထမဆုံး စစ်တမ်း ဖြစ်ကြောင်း၊ စစ်တမ်း ဖြစ်မြောက်ရေးအတွက် ကျန်းမာ ရေး ဝန်ကြီးဌာနအား ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ကျော် တို့ကို DHS :_ Demographic and Health Survey အတွက် နည်းပညာ အကူအညီပေး လျက်ရှိ သော ICF International က နည်းပညာ ပံ့ပိုး ပေးကာ USAID အဖွဲ့က ငွေကြေး ထောက်ပံ့မှု အကူအညီ များ ပေးခဲ့ကြောင်း၊ ၂၀၁၄ သန်းခေါင် စာရင်းသည်လည်း အထောက်အပံ့တစ်ခု ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီး အဖွဲ့များ၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် ဆက်စပ် ဝန်ကြီးဌာနများ၊ ၀ တိုင်းရင်းသား၊ ကရင် တိုင်းရင်းသား အဖွဲ့များမှ လူငယ်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ စသည့် အဖွဲ့အစည်းအသီးသီးတို့နှင့် ပြည်သူများ၏ ပူးပေါင်း ကူညီ ဆောင်ရွက်ခဲ့မှုများကြောင့်လည်း ယခု စစ်တမ်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာ သက်သက်မူက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.