Connect with us

Education & Health

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း အတွင်း အရေးပေါ် လူနာများ ကုသခြင်း နှင့် လွှဲပြောင်းခြင်း ဆေးခန်း ဖွင့်လှစ်

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်း အတွင်း အရေးပေါ် လူနာများ ကုသခြင်း နှင့် လွှဲပြောင်း ခြင်း ဆေးခန်းအား ဖွင့်လှစ်စဉ်(ဓာတ်ပုံ- Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ရှိ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်း အတွင်း အရေးပေါ် လူနာများ ကုသခြင်း နှင့် လွှဲပြောင်းခြင်း ဆေးခန်း ဖွင့်လှစ်ထားရှိလိုက်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးခန်း ဖွင့်လှစ်ခြင်း အားဖြင့် ယာဉ်ရပ်နား စခန်း အတွင်း နေထိုင်သူများ ခရီးသွား ပြည်သူ များအတွက် အရေးပေါ်နှင့်ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းများ ၊ ကျန်းမာရေးအသိပညာ မြှင့်တင်ပေးခြင်းများအပြင် ခရီးသည်များ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်၍ ယာဉ်များကို ဂရုတစ်စိုက်မောင်းနှင်နေရသော ယာဉ်မောင်းများတွင် ရုတ်တရက် ရောဂါ ပြင်းထန်စွာ ခံစားရပြီး ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်သည့် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အမြင်အာရုံချို့တဲ့မှု၊ အကြား အာရုံချို့တဲ့မှုရောဂါ စသည့် ရောဂါများကို အခမဲ့ စစ်ဆေးနိုင်ရေး အတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်း အတွင်း အရေးပေါ် လူနာများ ကုသခြင်း နှင့် လွှဲပြောင်းခြင်း ဆေးခန်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၇ ရက်တွင် ဆေးခန်းတည်ရှိရာ နေရာဖြစ်သည့် ဓ/၅၊ ဓနင်းရိုး ချောင်းပတ် လမ်း၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အပါအဝင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အောင်မင်္ဂလာအဝေးယာဉ်ရပ်နားစခန်းသည် နေ့စဉ် ခရီးသည်တင် ဘတ်စ်ကားများစွာ ဝင်ထွက်သွားလာလျက် ရှိရာ ခရီးသည် (၅၀၀၀၀)ခန့် ရောက်ရှိ ထွက်ခွာလျက် ရှိသည့် နေရာ ဖြစ်သည့် အတွက် ပြည်သူ့ ကျန်းမာရေး ရှုထောင့်မှ အလွန် မဟာဗျူဟာကျသည့် အရေးကြီးသော နေရာတစ်ခု ဖြစ်ကြောင်း ၊ အထူးသဖြင့် ကူးစက်ရောဂါနှင့် ကပ်ရောဂါ ထိန်းချုပ်သည့် ရှုထောင့်မှ ကြည့်လျှင် အခြားအရပ်ဒေသများမှ ဤနေရာသို့ ရောဂါ ကူးစက်ရောက်ရှိ၍ ထို့မှတစ်ဆင့် ရောဂါ မဖြစ်ပွားသေးသော အခြားအရပ်ဒေသများသို့ ရောဂါ ထပ်မံကူးစက်ပြန့်နှံ့နိုင်ခြေ ရှိသောနေရာ တစ်ခုလည်း ဖြစ်၍ ဤနေရာမျိုးတွင် စနစ်တကျ ကြိုတင် ကာကွယ်ထိန်းချုပ်ရန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

အရေးပေါ် လူနာများ ကုသခြင်း နှင့် လွှဲပြောင်းခြင်း ဆေးခန်း ဖွင့်လှစ်ထားရှိပြီး ပြည်သူများအား အရေးပေါ်နှင့် ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုများ တတ်နိုင်သမျှ အခမဲ့အဖြစ် တာရှည်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထို့အတူ လှိုင်သာယာရှိ ဒဂုံ-ဧရာ အဝေးပြေးစခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ဆေးခန်းမျိုးကို ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် အားလုံးက ဆက်လက်ပူးပေါင်းဆောင်ရွက်ပေး ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အားလုံးပါဝင် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဤဆေးခန်းမှ ခရီးသွားပြည်သူများအတွက် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများအပြင် အရေးပေါ် လူနာတင်ယာဉ် လည်းရှိသဖြင့် အရေးပေါ် ကုသမှုခံရန်လိုအပ်သော လူနာများကို သက်ဆိုင်ရာဆေးရုံကြီး များသို့ အချိန်မီပေးပို့ကုသ နိုင်မည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် ပံ့ပိုးကူညီမှုများကို ဆက်လက်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.