Connect with us

Education & Health

၂၀၁၇ – ၁၈ ပညာသင်နှစ်တွင် ဆယ်တန်း အင်္ဂလိပ်စာ မေးခွန်း ပုံစံ ပြောင်းမည်ဟု ဆို

ဆယ်တန်းစာမေးပွဲ ဖြေဆိုပြီး ထွက်လာကြသော ကျောင်းသူ ကျောင်းသားများကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

၂၀၁၇ – ၁၈ ပညာသင်နှစ် ဆယ်တန်းစာမေးပွဲတွင် အင်္ဂလိပ်စာ မေးခွန်းပုံစံအား ပြောင်းလဲသွား မည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်ထောင်စု ဝန်ကြီး ကိုယ်စား ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“ဘာသာရပ်တစ်ခုရဲ့ ဦးတည်ချက်တွေကို အောင်မြင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက် ရာတွင်လိုအပ်သည်များကို စနစ်တကျ ပြင်ဆင်မှုများ ပြုလုပ်၍ သဒ္ဒါအပါအဝင် ဘာသာစကား စွမ်းရည် မြင့်မားရေးအတွက် ယခု အသုံးပြုနေသော အင်္ဂလိပ်စာ မေးခွန်း ပုံစံကို ပြန်လည်လေ့လာ ဆန်းစစ်၍ ၂၀၁၇ – ၁၈ ပညာသင်နှစ်တွင် ဖြစ်သင့်သော မေးခွန်းပုံစံ ဖြစ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက် ရှိပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

“အခြေခံပညာ တက္ကသိုလ်ဝင် စာမေးပွဲတွင် အင်္ဂလိပ် ဘာသာရပ် မေးခွန်း ပုံစံကို သဒ္ဒါ ဦးစားပေး မေးခွန်း ပုံစံ အဖြစ်၂၀၁၇ – ၁၈ ပညာသင်နှစ်တွင် ပုံစံသစ် ပြောင်းလဲမေးရန် အစီအစဉ် ရှိ မရှိ” ဟူသည့် ဘိုကလေး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိုင်း၏ မေးခွန်းကို ပညာရေး ဝန်ကြီးဌာနက ဖြေကြားရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

လက်ရှိ အင်္ဂလိပ်စာ မေးခွန်းပုံစံသည် ကျောင်းသားများအတွက် Text Book ကို အလွတ်ကျက်ပြီး ဖြေဆိုမှ အမှတ်ရသည့် ပုံစံဖြစ်နေသောကြောင့် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း၏ အသီးအပွင့်များကို လက်ရှိ တက္ကသိုလ်ဝင် ကျောင်းသားများ အပြည့်အ၀ မခံစားရသေးသော်လည်း ခေတ်နဲ့အညီ စတင် ခံစားနိုင်ရေး အတွက်၊ အင်္ဂလိပ်စာ အရေး စွမ်းရည် တိုးတက်လာစေရန် ယခု ကဲ့သို့မေးရခြင်းဖြစ်ကြောင်း ဦးမင်းသိုင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

ပညာရေးဝန်ကြီးဌာနသည် “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅)” အရ ပညာရေးဖွဲ့စည်းပုံ စနစ်သစ်များ၊ သင်ရိုးသစ်များကို KG တန်းမှ ဒသမတန်း၊ ဒွါဒသမတန်းများအထိ အသီးသီး ရေးဆွဲဆောင်ရွက်လျက်ရှိရာ ထိုသို့ရေးဆွဲမှုများမှ ထွက်ရှိလာမည့် သင်ရိုးညွှန်းတမ်း အသစ်များအရ စစ်ဆေး အကဲဖြတ်သည့်စနစ်နှင့် မေးမြန်းမည့် မေးခွန်း ပုံစံများကိုလည်း သင်ရိုး သစ်များနှင့် ကိုက်ညီမှု ရှိအောင် ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အပြောင်းအလဲများ ပြုလုပ်နေသကဲ့သို့ အင်္ဂလိပ်စာ သင်ကြားခြင်း၏ ဦးတည်ချက်များလည်း ပြောင်းလဲလာပြီဖြစ်ကြောင်း၊ ယခင်က စာဖတ်စွမ်းရည်ကိုသာ ဦးတည်ခဲ့ သော်လည်း ခေတ်၏ လိုအပ်ချက်အရ စွမ်းရည် လေးမျိုးစလုံးကို ဦးတည်ရန် လိုအပ်လာကြောင်း၊ ထို့ကြောင့် ဘာသာစကား စွမ်းရည် လေးမျိုးစလုံး မြှင့်တင်နိုင်မည့် ပြဌာန်းစာအုပ်များ အသုံးပြုခြင်း၊ မှန်ကန်သည့် သင်ကြားနည်းစနစ် အသုံးပြုခြင်းနှင့် စာမေးပွဲ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း လည်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.