Connect with us

Environment, Disasters & Accidents

ညောင်တုန်းမြို့ အရေးပေါ်အခြေအနေ သတ်မှတ်

ညောင်တုန်းမြို့နေပြည်သူများ အရေးပေါ်အခြေအနေအတွက် သဲအိတ်များဖို့နေကြစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ညောင်တုန်းမြို့၌ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး မြို့ပတ်တာများမှ ရေဝင်လာသဖြင့် အရေးပေါ်အခြေအနေ လိမ္မော်ရောင့် အဆင့်သို့ ကြေညာလိုက်ပြီး လူများပြောင်းရွေ့ရန် စီစဉ်နေကြောင်း ညောင်တုန်းမြို့နယ် မီးသတ် ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ရေများ စတင်ဝင်ရောက်လာမှုကြောင့် ညောင်တုန်းမြို့ပေါ် ရပ်ကွက် (၁၀) ရပ်ကွက်၌ ကယ်ဆယ်ရေး စခန်း(၁၁)ခု ဖွင့်လှစ်ထားပြီး သက်ကြီးရွယ်အို၊ ကလေးများကို စတင် ပြောင်းရွေ့ပေးနေကြောင်း၊ ဆေးရုံများရှိ လူနာများကိုလည်း ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွေ့နေကြောင်း လက်ရှိ ကယ်ဆယ်ရေးလုပ်ကိုင်နေသော မီးသတ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“တာတွေကို ရေကျော်တာတော့ မရှိသေးပါဘူး။ သဲအိတ်တွေလဲ ဖို့ထားပြီးတော့ လုပ်ဆောင်နေပါတယ်။ အရေးပေါ်အခြေအနေအတွက် အားလုံးကို ပြင်ဆင်ထားပါတယ်”ဟု ၎င်းကဆိုသည်။

ညောင်တုန်းမြို့ရှိ တာအပြင်ရှိကျေးရွာများ တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးစခန်းများသို့ တိမ်းရှောင်သူများရှိနေရကြောင်း မြို့ခံများထံမှ သိရသည်။အရေးပေါ် အခြေအနေသို့ ရောက်ရှိလျှင် အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သူများမှ ရွှေတောင်တန်းဓမ္မာရုံ၊ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူများမှ သွန်းဘုရားကြီး၊ အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သူများမှ ပုလောစာသင်တိုက်၊ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သူများမှ ဈေးဓမ္မာရုံ၊ အမှတ် (၅) ရပ်ကွက်တွင်နေထိုင်သူများမှ ဝေဠုဝန်သာသနာ့ဗိမာန်၊ အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သူများမှ မန္တလေးကျောင်းတိုက်၊ အမှတ် (၇) ရပ်ကွက်တွင် နေထိုင်သူများမှ တောရကျောင်းတိုက်၊ အမှတ် (၈) ရပ်ကွက်တွင် နေထိုင်သူများမှ အထက(၁) ကျောင်းအပေါ်ထပ်၊ အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သူများမှ နိဂေဓာရုံကျောင်းတိုက်နှင့် ပေါက်အင်းကျောင်းတိုက်၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သူများမှ သဲအင်းဂူဝိပသနာ ကျောင်းတိုက်များသို့ အမြန်ဆုံးပြောင်းရွေ့ကြရန် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးကော်မတီမှ ကြေညာထားကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် သြဂုတ်လ (၄) ရက်နေ့၊ နံနက် (၁၀) နာရီ အချိန် တိုင်းထွာချက် အရ (၂၅.၅) ပေသို့ ရောက်ရှိနေပြီး စိုးရိမ် ရေမှတ်သည် (၂၄.၅) ပေ ဖြစ်၍ ယခုလက်ရှိ အခြေအနေသည် အန္တရာယ်ရှိ ရေအမှတ်အထက်သို့ ကျော်လွန်ရောက်ရှိလာပြီဖြစ်၍ သဘာဝရေဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပြုလုပ်လျှက်ရှိသည်။ (Xinhua)