Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ဖားကန့်၌ ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ နှစ်ဦးသေဆုံး ၊ ငါးဦးဒဏ်ရာရ

ဖားကန့်၌ ကမ်းပါးပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် ရေမဆေးကျောက်ရှာသူများအား ကယ်ဆယ်ရေး ဆောင်ရွက်စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာနှင့်ဘွမ်နန်ကျေးရွာ ကြားရှိ ရတနာအဓိပတိကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဧရိယာအတွင်း ယနေ့ ဇွန် ၂၃ ရက် ညနေ ၄ နာရီခန့်က  ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

” ကမ်းပြိုကျတဲ့အထဲ အပျောက်အဆုံး ထပ်ရှိမရှိ လူစစ်နေပါတယ်၊ပျောက်ဆုံးနေသူများရဲ့ စာရင်း အတိအကျ မနက်လောက်တော့ သိနိုင်မယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ကုမ္ပဏီ၏လုပ်ကွက်အတွင်း အမြင့်ပေ ၃၀ဝ ခန့်မှ မြေသားထု အကျယ်ပေ ၁၅၀ ခန့်က အောက်ခြေရှိရေကန်အတွင်းသို့ ပြိုကျခဲ့ရာ မြေစာနှင့်ရေလှိုင်းရိုက်ခတ်မှုကြောင့် အောက်ခြေရေကန် နှင့်အနီးနေရာများတွင် ရေမဆေးကျောက်ရှာဖွေနေကြသူများအား ထိခိုက်မိခဲ့ကြောင်း သိရသည်။

 မြေစာနှင့်ရေလှိုင်းရိုက်ခတ်မှုကြောင့် ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၄)တွင် နေထိုင်သူများဖြစ်သည့် ဦးနော်တောင်(၄၅)နှစ်နှင့် ဦးမြင့်နိုင်(၆၀)နှစ်တို့ သေဆုံးခဲ့ရပြီး ရေကန်အတွင်းနှင့် မြေစာများ အောက် ဖုံးအုပ်နစ်မြုပ်သူများရှိ/မရှိကိုမူ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ က ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။  (Xinhua)