Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း(၉၆)လောင်းတွေ့ရှိထား 

ယနေ့ နံနက် ဖားကန့်မြို့နယ်အတွင်း မြေစာပုံပြိုကျမှုကြောင့် ပိမိနေသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(MOI)

 ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ရပ်ကွက်(၆)၊ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ(ဒေသအခေါ်  တစ်သုံးလုံးကုမ္ပဏီ)၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းကမ်းပါးမြေပြိုမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာသူရုပ်အလောင်း ၉၆ လောင်း တွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လက်ရှိအချိန်ထိ(၁၂ နာရီဝန်းကျင်) သေဆုံးသူရုပ်အလောင်း (၉၆)ဦး ရှာဖွေတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။ ” ခု မြေစာပုံနဲ့ အနီးဆုံး ရေထဲမှာ ရှာဖွေနေပါတယ်၊ ပြိုကျတဲ့အရှိန်နဲ့ တော်တော်ဝေးဝေးကို ရောက်သွားနိုင်ချေရှိလို့လည်း ခပ်ဝေးဝေးနေရာတွေမှာလည်းရှာဖွေနေပါတယ်” ဟု ကယ်ဆယ်ရေးဆောင်ရွက်နေသော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

 မြေပြိုမှုဖြစ်ပွားရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း အဖွဲ့များနှင့် ဝှေခါကျေးရွာပြည်သူများက ကူညီရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။(Xinhua)