Connect with us

Environment, Disasters & Accidents

ဇူလိုင်လ တွင်မြစ်ရေကြီးနိုင်သည့်အခြေအနေရှိ၊ မြစ်ရေကြီးသည့်ဒေသတွင် နေထိုင်သူများ အထူးဂရုပြုနေထိုင်သင့်ကြောင်းဆို 

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှိ မြစ်ကြီး ၁၄ မြစ်တွင် မြစ်ရေတိုင်းတာခြင်းကို အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ ဇူလိုင်လ သည် မြစ်ရေကြီးနိုင်သည့် အခြေအနေရှိသည့်အတွက် မြစ်ရေကြီးလေ့ရှိသည့် ဒေသတွင် နေထိုင်သူများ အနေဖြင့် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအားကြည့်၍ ဂရုပြုနေထိုင်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြစ်ရေဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထွန်းဦးက ဆင်ဟွာကို ဇွန် ၂၀ ရက်တွင် ပြောသည်။

ဦးမျိုးထွန်းဦးက “ဒီလထဲမှာ တော့ မြစ်ရေ က ကြီးနိုင်ချေနည်းသေးတယ်။ ဇူလိုင်မှာမြစ်ရေကြီးလေ့ ရှိတယ်။ မိုးနောက်ကျပေမယ့် ရရှိတဲ့ မြစ်ရေ ကတော့ ယခင်နှစ်များ အတိုင်းအတာလောက်ရရှိထားတဲ့ အတွက် ဇူလိုင်လ မှာ မြစ်ရေ ကြီးနိုင်တဲ့ အန္တရာယ်ကို မြစ်ချောင်း အနီးနေထိုင်သူတွေ အထူဂရုပြုသင့်ပါတယ်’’ ဟုပြောသည်။

မြန်မာနိုင်ငံတွင်ရှိသော မြစ်ကြီးများအနက် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်၊ ဘီးလင်းမြစ်၊ သောင်ရင်းမြစ်မြစ်ကြီး၁၄ မြစ်ပေါ်တွင် မြစ်ရေတိုင်းတာသည့် စခန်းပေါင်း ၄၅ စခန်း  က အထူးအာရုံစိုက်ပြီးတိုင်းတာလျက်ရှိကြောင်း သိရသည်။

ဇွန်လတတိယ၁၀ရက်ပတ်တွင် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၆-ပေ မှ ၈-ပေခန့်နှင့် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၄-ပေမှ ၆-ပေ ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၆-ပေမှ ၈-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၄-ပေမှ ၆-ပေခန့် လက်ရှိရေမှတ် များအထက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)