Connect with us

Environment, Disasters & Accidents

ခါကာဘိုရာဇီဒေသကို ကမ္ဘာ့ သဘာဝ အမွေအနှစ် စာရင်းဝင် နေရာအဖြစ် သတ်မှတ်နိုင်ရေး ယူနက်စကိုသို့ ၂၀၁၈ ခုနှစ်တွင် အမည်စာရင်း တင်ပြမည်

ခါကာဘိုရာဇီဒေသအား ကမ္ဘာ့သဘာဝအမွေ အနှစ်စာရင်း တင်သွင်းရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ၁/၂၀၁၇ ပထမအကြိမ်အစည်းအဝေး(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

ခါကာ ဘိုရာဇီ ဒေသကို ကမ္ဘာ့သဘာဝအမွေအနှစ်နေရာအဖြစ် သတ်မှတ်နိုင်ရေး အတွက် ယူနက်စကို (UNESCO) သို့ အမည်စာရင်း တင်ပြခြင်းများအား ၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခါကာဘိုရာဇီဒေသအား ကမ္ဘာ့သဘာဝအမွေ အနှစ်စာရင်း တင်သွင်းရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ၁/၂၀၁၇ ပထမအကြိမ်အစည်း အဝေးမှ သိရသည်။

ကမ္ဘာ့သဘာဝအမွေအနှစ် အမည် စာရင်း အဆိုပြုလွှာ (Nomination Dossier) ကို ယခုနှစ် ၊ စက်တင်ဘာလ နောက်ဆုံးထား၍ ရေးသားခြင်း ၊ အစိုးရ အဖွဲ့၏ အတည်ပြုချက် ရယူခြင်း နှင့် ၂၀၁၈ခုနှစ်တွင် UNESCO သို့ တင်ပြခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ခါကာဘိုရာဇီဒေသကိုကမ္ဘာ့သဘာဝအမွေအနှစ်စာရင်းဝင်နေရာအဖြစ်သတ်မှတ်နိုင်ပါကမြန်မာနိုင်ငံ၏ပထမဦးဆုံးသောကမ္ဘာ့သဘာဝ အမွေအနှစ်ဖြစ်ပါ၍ နိုင်ငံအတွက်အလွန်ဂုဏ်ယူစရာဖြစ်သဖြင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များ ကိုစံသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကမ္ဘာ့သဘာဝအမွေအနှစ်အဖြစ် အလားအလာအရှိဆုံး ဖြစ်သည့် ခါကာ ဘိုရာဇီ ဒေသကို ကမ္ဘာ့ သဘာဝ အမွေအနှစ် နေရာအဖြစ် အမည်စာရင်းတင်သွင်းရန် သစ်တောဦးစီးဌာန နှင့် UNESCO တို့သည်၂၀၁၄ ခုနှစ်မှ စတင်ဆောင် ရွက်နေကြောင်း သိရသည်။

ခါကာဘိုရာဇီဒေသသည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့အဆင့်တွင် ထူးခြားသည့် ဝိသေသလက္ခဏာများပိုင်ဆိုင် လျက်ရှိပြီး ကမ္ဘာ့အဆင့် ဇီဝမျိုးစုံမျိုးကွဲအရ အရေးပါသည့် ဒေသများထဲတွင် တစ်ခုအဖြစ် ထင်ရှား၍ ရေခဲတောင် ဂေဟစနစ်၊ တောင်ပေါ်ဂေဟစနစ်၊ အမြဲစိမ်း တောဂေဟစနစ်၊ တောင်ပေါ်ရေဝပ်ဂေဟစနစ်များကို တွေ့ရှိရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.