Connect with us

Environment, Disasters & Accidents

ငလျင်ဒဏ်ခံရပါက ပြည်သူများ ပြုမူ ဆောင်ရွက်သင့်သည်များနှင့် အရေးပေါ် အဆက်အသွယ်များ

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်းအင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ မြေငလျင်များအကြိမ် (၇၀) ခန့် လှုပ်ခတ်ခဲ့ပြီးနိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ယခုဇန်နဝါရီလတို့တွင် မကြာခဏ လှုပ်ခတ်လျက်ရှိသဖြင့်ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိဘဲ ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ်ဖြစ်သော ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၏

ထုတ်ပြန်ချက် မှာ

၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊မြေပြိုဘေး စသည့် သဘာဝဘေးမျိုးစုံဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုဘေးအန္တရာယ်များအနက်မှ ငလျင် ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရဘဲ ကြိုတင်သိရှိရခြင်းလည်းမရှိသဖြင့် အလွန်အန္တရာယ် ကြီးမားသည့် ဘေးအန္တရာယ်တစ်မျိုးဖြစ်ပါသည်။

ငလျင်နှင့် ပတ်သက်သည့်ဆောင်ရန်၊ ရှောင်ရန် အချက်များအားတွေ့ရစဉ် (ဓာတ်ပုံ–လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)

၂။ အင်အားပြင်းငလျင်များဖြစ်ပေါ်လာပါက လည်းပျက်စီးဆုံးရှုံးမှု ကြီးမားတတ်ပြီး နောက်ဆက် တွဲငလျင်ငယ်များ (Aftershocks) လှုပ်ခြင်း၊ ရေကာတာကြီးများကျိုးပျက်၍ ရေလွှမ်းခြင်း၊ တောင်ပြို ခြင်း၊ မြေပြိုခြင်း၊ ဆူနာမီရေလှိုင်းများဖြစ်ပေါ်နိုင်ခြင်း၊ ရုတ်တရက်လျှပ်စစ်ကြိုးများပူးသွားခြင်းကြောင့် လျှပ်စစ်မီးပွားမှတဆင့် မီးလောင်ခြင်း၊ လောင်စာဆီ၊ ဓါတ်ငွေ့ပိုက်များ ပျက်စီးရာမှတဆင့် မီးလောင် ကျွမ်းခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်ပါသည်။

၃။ ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်လတ်နှင့်ငလျင်ငယ်များသည် နာရီပိုင်း၊ ရက်ပိုင်း၊ သီတင်း ပတ်ပိုင်းမှသည် လပိုင်းအထိဆက်လက်ဖြစ်ပွားနိုင်ပြီး ကွဲအက်ချိနဲ့သွားသော တိုက်တာအဆောက်အဦ များ၊ လမ်း၊တံတားများသည် နောက်ဆက်တွဲမြေငလျင်များကြောင့် ထပ်မံပျက်စီး၊ ပြိုကျတတ်ပါ သည်။ အဆောက်အဦများတွင် အုတ်ကျိုးအုတ်ပဲ့များပြိုကျမှု၊ လျှပ်စစ်ဓါတ်ကြိုးများပြုတ်ကျမှုနှင့် အခြားဘေး အန္တရာယ်များရှိနိုင်ကြောင်းကိုလည်းသတိရှိရမည်ဖြစ်ပါသည်။

၄။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်းအင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ မြေငလျင်များအကြိမ် (၇၀) ခန့် လှုပ်ခတ်ခဲ့ပြီးနိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ယခုဇန်နဝါရီလတို့တွင် မကြာခဏလှုပ်ခတ်လျက်ရှိသဖြင့်ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လိုအပ်ပါ သည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင် ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

– မိမိအိမ်တွင် ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်သောပစ္စည်းများ၊ တွဲလောင်းကျနေသောအရာများကို အန္တရာယ်မဖြစ်စေရန် မြဲမြံအောင်ပြုလုပ်ထားပါ။

– မိသားစုသုံးအရေးပေါ်ပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်းများကိုကြိုတင်ပြင်ဆင်ထားပါ။

– မိမိအိမ်၏ခိုင်ခံ့မှုကိုပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင်ပြုလုပ်ထားပါ။

– ငလျင်လှုပ်ပါက (၅) စက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ရောက်နိုင်ပါက ပြေးထွက်ပါ။ မပြေးထွက်နိုင်ပါကခိုင်ခံ့သည့် စားပွဲ၊ ကုတင်အောက်တွင်လည်းကောင်း၊ အခန်း၏ ထောင့်နေရာ များတွင်လည်းကောင်း အကာအကွယ်ယူ၍နေပါ။

– မြင့်မားသောအဆောက်အအုံ၊ လျှပ်စစ်မီးကြိုး၊ ဓာတ်တိုင်များ၊ သစ်ပင်များ၊ ပြိုကျနိုင်သော အရာများနှင်‌့ ဝေးရာသို့ပြေးပါ။ ကွင်းပြင်များတွင် ခေတ္တခိုလှုံပါ။

– မီးအသုံးပြုနေစဉ် ငလျင်လှုပ်ပါက မီးတောက်ငြှိမ်းပါ။ မီးခလုတ်များပိတ်ပါ။

– ဆိုင်ကယ်၊ ကားစသည်တို့မောင်းနှင်နေချိန်ဖြစ်ပါကအရှိန်လျှော့ပြီးဘေးကင်းရာနေရာတွင် ရပ် ထားပါ။

– ငလျင်လှုပ်နေချိန်တွင် အဆောက်အအုံထဲသို့ပြေးမဝင်ပါနှင့်၊ ဓါတ်လှေကားများအသုံးမပြု

ပါနှင့်၊ အထပ်မြင့်တိုက်များမှ ခုန်ချခြင်းမပြုပါနှင့်။

– ငလျင်လှုပ်ပြီးနောက်အဆောက်အအုံ၏ခိုင်ခံ့မှုကိုစစ်ဆေးခြင်းမပြုဘဲမဝင်ပါနှင့်၊ မြစ်ကမ်းပါး၊

တောင်စောင်းများသို့ မသွားပါနှင်‌့၊ မြေပြိုနိုင်ပါသည်။ ဆည်၊ ရေလှောင်ကန်များအနီးတွင် မနေပါနှင်‌့။ ဆည်ကျိုးပေါက်ပြီး ရေကြီးနိုင်သည်။ တာဝါတိုင်များ၊မျှော်စင်များ၊ အထပ်မြင့် အဆောက်အအုံများပြိုကျနိုင်သဖြင့် အနီးသို့မသွားပါနှင့်။

– အသိပညာပေးဆွေးနွေးဟောပြောပွဲများသို့ တက်ရောက်ပါ။ သတင်းထုတ်ပြန်ချက်များ၊ ပညာပေးအစီအစဉ်များကိုစဉ်ဆက်မပြတ်နားထောင်ပါ။ ကြည့်ရှုပါ။ မျှဝေပါ။

၅။ ပြည်သူလူထုအနေဖြင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန်နှင့် တာဝန်ရှိ အဖွဲ့အစည်းများ၊ ပညာရှင်များ၏ အသိပညာပေးဆောင်ရွက်မှုများအပေါ် လေ့လာ မှတ်သား၍ အကြံပြုချက်များကိုလည်းလိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါရန် အသိပေး နှိုးဆော်အပ်သည်ဟူ၍ ပါရှိသည်။

အရေးပေါ် အကူအညီ ရယူရန်

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

မြေငလျင်ဌာနခွဲ (နေပြည်တော်) ၀၆၇-၄၁၁၂၆၉ ၊ ၀၆၇-၄၁၁၂၅၃

မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ) ၀၁-၃၉၂၀၃၀

မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့(အရေးပေါ်) ၁၉၁

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(အရေးပေါ်) ၁၉၉

လူနာတင်ယာဉ် (အရေးပေါ်) ၁၉၂

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၀၁-၂၅၆၂၅၆

များသို့လည်းကောင်း စုံစမ်းမေးမြန်း၍ အကူအညီများ ရယူနိုင်ကြောင်း သိရသည်။ (Xinhua)