Connect with us

Environment, Disasters & Accidents

လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်သတ်မှတ်ရန် စီစဉ် ညှိနှိုင်းလျက်ရှိ

ဓါတ်အားပေးလျှပ်စစ် မီးတိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်က နှစ်စဉ် စိုက်ထုတ် သုံးစွဲနေရသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်စရိတ်များ တိုးတက် မြင့်မားလာသဖြင့် ကုန်ကျစရိတ်များကို ကာမိစေသည့် သင့်လျော်သော ဓာတ်အားခ နှုန်းထားများ ပြင်ဆင်သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးကိုယ်စား ပြောကြားခဲ့သည်။

“လျှပ်စစ်စွမ်းအား ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတော်က စိုက်ထုတ်ကျခံ သုံးစွဲမှု လျှော့ချနိုင်ရေးနှင့် သင့်လျော်သော ဓာတ်အားခ နှုန်းထားတစ်ခု သတ်မှတ်နိုင်ရေးတို့အတွက် ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီး Tariff Policy ကို ရေးဆွဲခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကို ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့များမှ လျှပ်စစ် နှင့် စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ၊ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနဲ့ တတ်သိ ကျွမ်းကျင်သူများအား ဖိတ်ခေါ်၍ ၂၀ – ၄ -၂၀၁၇ မှာ တစ်ကြိမ်၊ ၈ – ၅ – ၂၀၁၇ မှာတစ်ကြိမ် တွေ့ဆုံ ဆွေးနွေးပြီး အကြံပြုချက်များ ရယူ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက တနင်္သာရီတိုင်း ပုလော မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းခင်၏ အမေးကို ဖြေကြားရာတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် ပုဂ္ဂလိက ရေအား စက်ရုံမှ တစ်ယူနစ်လျှင် ပျမ်းမျှ ၆၈ ကျပ်၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများမှ တစ်ယူနစ်လျှင် ပျမ်းမျှ ၁၅၈ ကျပ်ဖြင့် ဝယ်ယူရခြင်းဖြစ်ရာ တစ်ယူနစ် ဝယ်ယူစရိတ်မှာ နိုင်ငံပိုင် ဓာတ်အားစက်ရုံများမှ ထုတ်လုပ်သော ကုန်ကျစရိတ်ထက် များပြားကြောင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက စက်ရုံများမှ ထုတ်လုပ်သော ဓာတ်အား တစ်ယူနစ် ကုန်ကျစရိတ်မှာ ၉၁ ဒသမ ၉၂ ကျပ်ခန့်ရှိသော်လည်း ပြန်လည်ကောက်ခံ ရရှိငွေမှာ ပျမ်းမျှ ၆၉ ဒသမ ၂၆ ကျပ်သာ ဖြစ်၍ ဓာတ်အား တစ်ယူနစ်တိုင်း အတွက် နိုင်ငံတော် ဘတ်ဂျက်မှ ၂၂ ဒသမ ၆၆ ကျပ်ခန့် စိုက်ထုတ်ပေးနေရကြောင်း၊ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်တွင် အရှုံးခံ စိုက်ထုတ်ငွေ ကျပ် ၃၃၇ ဘီလျံခန့်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ နှစ်စဉ် မဂ္ဂါဝပ် ၄၀၀ မှ ၅၀၀ ခန့်အထိ တိုးတက်နေသဖြင့် နိုင်ငံတော်က စိုက်ထုတ်မှု ပိုလာမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)