Connect with us

Environment, Disasters & Accidents

အမြန်လမ်းတွင် ယခုနှစ်အတွင်း ယာဉ်မတော်တဆမှုများ အနက် သက်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်မှုကြောင့် အများဆုံး ဖြစ်

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဇွန်လ ၁၇ ရက် နံနက်ပိုင်း အချိန်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် ယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-Ministry of Construction)

ရန်ကုန် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၁၇ ရက်အထိ ယာဉ်မတော် တဆမှု ၃၅၃ မှု ဖြစ်ပွားခဲ့ရာ သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းနှင်မှုမှာ အများဆုံး ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။

ယခုနှစ်အတွင်း အမြန်လမ်း၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများ အနက် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်မှုမှာ ၁၆၈ မှု ရှိပြီး ၊ ယာဉ်မောင်း အိပ်ငိုက်မှု ၂၅ မှု ၊ လမ်းကူး ပေါ့ဆမှု ၁ မှု ၊ တိရစ္ဆာန်ကြောင့် ၄ မှု ၊ ဆိုင်ကယ် အမြန်လမ်းပေါ် မောင်းနှင်မှု ၅၃ မှု ၊ အနှေးယာဉ်ကြောင့် ၂ မှု ၊ ယာဉ်မဆင်မခြင်မောင်းနှင်မှု ၂၀ မှု ၊ ဘီးပေါက်မှုကြောင့် ၇၁ မှု ၊ စက်ချို့ယွင်း မှုကြောင့် ၇ မှု နှင့် လမ်းချော်မှုကြောင့် ၂ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အတူ ယခုဇွန်လအတွင်း ယာဉ်မတော်တ ဆမောင်းနှင်မှုများမှာ ဇွန်လ ၁၇ ရက်ထိ ၃၇ မှု ဖြစ်ပွားခဲ့ပြီး သတ်မှတ်မိုင်နှုန်း ပိုမောင်းမှုကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုမှာ ၂၈ မှု ရှိနေကြောင်း သိရသည်။

ယနေ့ဇွန်လ ၁၇ ရက် ၊ နံနက်ပိုင်းတွင် ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၁၅/၇ နှင့် ၁၆/၀ ကြား အပြန်လမ်း၌ အောင်ရတနာ Express ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါရှိသူ ၂၅ ဦး အနက် ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)