Connect with us

Environment, Disasters & Accidents

မေလတွင် ပျားရည်မက်ထရစ်တန်ချိန် ၃၀၀ ကျော်တင်ပို့နိုင်ခဲ့

ပန်းဝတ်ရည်စုပ်ယူနေသော ပျားတစ်ကောင်ကို တွေ့ရစဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်၊ မေလအတွင်း မြန်မာနိုင်ငံမှ ပျားရည် မက်ထရစ်တန်ချိန် ၃၃၆.၇ တန် တင်ပို့နိုင်ခဲ့ပြီး ယင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၀၅,၀၀၀ ခန့် ဝင်ငွေရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူ ဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇံထွေးက ဆင်ဟွာသို့ ယနေ့ ဇွန် ၁၄ ရက်တွင် ပြောသည်။ယင်းကာလအတွင်း မြန်မာနိုင်ငံမှ ပျားရည်များကို ထိုင်းနိုင်ငံသို့ မက်ထရစ်တန်ချိန်၁၄၀.၇ တန်၊ ဂျပန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၇၆ တန် နှင့် တောင်ကိုရီးယားနိုင်ငံသို့ မက်ထရစ်တန်ချိန် ၂၀ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ဦးအောင်ဇံထွေးက “မြန်မာနိုင်ငံမှာ ပျားမွေးမြူရေးလုပ်ငန်းအများစုက တစ်နေရာတည်းမှာ အမြဲတမ်းပုံသေလုပ်တာမျိုး မဟုတ်ပါဘူး။ ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေက ပျားအစာရရှိတဲ့ ရာသီပေါ်မူတည်ပြီး နေရာရွှေ့ပြောင်းပြီးလုပ်ကိုင်ကြရတဲ့ ရွှေ့ပြောင်းပျားမွေးမြူရေးလုပ်ငန်းဖြစ်ပါတယ်” ဟုပြောသည်။

ပျားအုံတစ်ခုရှိ ပျားများကိုတွေ့ရစဉ် (ဓာတ်ပုံ– ပြန်ကြားရေးဝန်ကြီးဌာန)

မြန်မာနိုင်ငံတွင် ပျားမွေးမြူရေးလုပ်ငန်းများကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးလုပ်ကိုင်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ပျားရည်မက်ထရစ်တန်ချိန်ပေါင်း ၄,၀၀၀ မှ ၅,၀၀၀ တန် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ယင်းအနက် ပျားရည်တန်ချိန် ၃,၀၀၀ ခန့် ကို နှစ်စဉ် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်လျက်ရှိသည့် ပျားရည်အမျိုးအစားများမှာ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်နှင့် လိုင်ချီးပျားရည်တို့ဖြစ်သည်။ (Xinhua)