Connect with us

Agriculture

မိုးရာသီတွင် ငါးမွေးမြူရေးကန်များအနေဖြင့် ရေကြီးမှုကြောင့် အရေးပေါ် လိုအပ်ပါက မျိုးငါးကြီးများကို ဦးစားပေးရွှေ့ပြောင်းကြရန်လိုဟုဆို

ရန်ကုန်တိုင်းဒေသကြီးရှိ ငါးမွေးမြူရေးကန်တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းသည့်အခါ ငါးမွေးမြူရေးကန်များအနေဖြင့် ရေကြီးမှုများကြောင့် အရေးပေါ် လိုအပ်ပါက မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇင်ထူးက ဆင်ဟွာသို့ ယနေ့ ဇွန် ၁၀ ရက်တွင် ပြောသည်။

ဦးမြင့်ဇင်ထူးက “ငါးကန်တွေပေါ်မှာ တာပေါင်တွေ ရှိတယ်။ အဲဒီတာပေါင်တွေပေါ်မှာ ရေနဲ့နီးကပ်နေပြီး ရေလျှံဖို့ နီးကပ်နေပြီဆိုရင် အရေးပေါ်အခြေအနေပေါ့။ အဲဒီလို အခြေအနေ မှာဆိုရင် မျိုးငါးကြီးတွေပေါ့။ နောက်နှစ်မှာ သားဖောက်နိုင်မယ့် ငါးတွေကို အမြန်ရွှေ့ပြောင်းရမယ်။ လွတ်ထွတ်သွားရင် ဆုံးရှုံးမှုများမယ်’’ ဟု ပြောသည်။

နိုင်ငံတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ သတိပေးနှိုးဆော်ချက်အား လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

“ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ငါးမွေးမြူရေးကန်တွေ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေး ဆိုပြီး သတိပေးနှိုးဆော်ချက်လည်း ထုတ်ပြန်ထားတာရှိပါတယ်။ ရေကြီးတာနဲ့ ပတ်သက်လို့ ကြိုတင်ကာကွယ်တဲ့သဘောပါ။ ရေကြီးရေလျှံမှုတွေ ဖြစ်တဲ့အခါ ကြိုတင်ကာကွယ်မှုတွေမရှိရင် ဆုံးရှုံးမှုတွေများတာပေါ့။ အဲဒီလို မဖြစ်ဖို့အတွက် မိုးတွင်းကာလမှာ ရေကြီးနိုင်တယ်။ ရေကြီးခဲ့ရင် ငါးကန်တွေက မွေးမြူထားတဲ့ ငါးတွေ လွတ်ထွက်မသွားဖို့အတွက် ကြိုတင်သတိပေးပြီး တိုက်တွန်းနှိုးဆော်ထားတာ ဖြစ်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံ့ရန် ကန်ပေါင်ပါးသော၊ နိမ့်သောနေရာများတွင် သဲအိတ်များဖုံး၍ ကန်ပေါင် ခိုင်ခံ့အောင်ပြုလုပ်ထားရန်၊ ရေကြီးရေလျှံမှုဖြစ်ပွါးပါက ငါးများလွတ်ထွက်မှု မရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားရန်၊ ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင် ရေတိုက်စားမှုမှ ကာကွယ်ရန်အတွက် တုပ်ရိုက်ပြီး ဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များဖို့ထားရန်၊ လိုအပ်ပါက ငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားရန် နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးပြောင်းရွှေ့ထားရန်၊ သိုလှောင်ထားသော ငါးအစာနှင့် လုပ်ငန်းသုံး ပစ္စည်းများအား ရေလွတ်ရာနေရာသို့ ပြောင်းရွှေ့ထားရန်၊ ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေးဆောင်ရွက်ထားရန်၊ ထူးခြားသည့်အခြေအနေများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့် နည်းလမ်းများအား ကြိုတင်ပြင်ဆင်ထားရန်၊ ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်ပါက နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်အကူအညီတောင်းခံရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။

“အဓိကကတော့ ဒီလိုအရေးပေါ်အခြေအနေတွေ ဖြစ်ပေါ်လာလို့ ကျွန်တော်တို့ဆီကို အကူအညီ တောင်းမယ်ဆိုရင် ကျွန်တော်တို့ဆီက ငါးမွေးမြူရေး ကျွမ်းကျင်သူတွေလွှတ်ပြီး အကြံဉာဏ်ပေးတာတွေ အပါအဝင် ကူညီနိုင်တာတွေ ကို ကူညီသွားမှာပါ’’ ဟု ဦးမြင့်ဇင်ထူးက ပြောသည်။ (Xinhua)