Connect with us

Environment, Disasters & Accidents

လျှပ်စစ်ကားတစ်စီး မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုမှာ သုံးစွဲသူမှ ဘက်ထရီအားသွင်းသည့်စနစ် နှင့် ဝါယာရိန်း စနစ်အား ပြောင်းလဲတပ်ဆင် အသုံးပြုထားမှုကြောင့်ဖြစ်ကြောင်းကုမ္ပဏီထုတ်ပြန်

မီးလောင်ကျွမ်းသွားသည့် ကားအားတွေ့ရစဉ် (ဓာတ်ပုံ- KSD Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် အောက်တိုဘာ ၅ ရက် ညပိုင်းက လျှပ်စစ်ကား(EV) တစ်စီး အားသွင်းထားစဉ် မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုမှာ သုံးစွဲသူမှ မိမိသဘောဖြင့် ( 660 cc ) အင်ဂျင် နှင့် ဂီယာဘောက် တပ်ဆင်ပြီး၊ ဘက်ထရီအားသွင်းသည့်စနစ် နှင့် ဝါယာရိန်း စနစ်အား ပြောင်းလဲတပ်ဆင် အသုံးပြုထားမှုကြောင့် မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း KHAING KHAING SANGDA GROUP LIMITED မှ အောက်တိုဘာ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မီးလောင်ကျွမ်းသွားသည့် ကားအားတွေ့ရစဉ် (ဓာတ်ပုံ- KSD Myanmar)

မီးလောင်ကျွမ်းသွားသည့် ကားအားတွေ့ရစဉ် (ဓာတ်ပုံ- KSD Myanmar)

KHAING KHAING SANGDA GROUP LIMITED မှ အရောင်းတာဝန်ခံ မခင်ခင်သက်က “ကျွန်မတို့ကားလေးက ရန်ကုန်မြို့တွင်းသုံးတဲ့ EV ကားလေးပါ။ ကျွန်မတို့ ကုမ္ပဏီက ရောင်းတာက အမျိုးအစား ၂ မျိုးရှိပါတယ်။ KSDV1-NE1 နဲ့ KSDV1-NE2 ပါ။ NE2 မှာတော့ 796 CC မီးစက်နဲ့ ဘက်ထရီလည်းပါပါတယ်။ ဘက်ထရီသုံးနေရင်းနဲ့ ဘက်ထရီကုန်လာပြီဆိုရင် ရှေ့ကမီးစက်နဲ့ အားပြန်သွင်းတဲ့စနစ်နဲ့သွားတာ။ ဒီ customer ဝယ်ထားတဲ့ကားက KSDV1-NE1 ပါ။ NE1 ကလုံးဝ EV Type ပါ။ ဘက်ထရီနည်းလာရင် အားဖြည့်တဲ့နေရာကိုသွားဖို့ ၁၀ ကီလို၊ ၁၅ ကီလိုလောက်ပဲ သုံးလို့ရတဲ့ 200 CC မီးစက်ကလေး တပ်ထားပါတယ်။ အရေးပေါ်သုံးဖို့ တပ်ဆင်ထားတာပါ။ customer က 660 CC ရယ်၊ ဂီယာဘောက်ရယ်သုံးလိုက်တယ်။ ဘက်ထရီကို ကုန်အောင်သုံးလိုက်တယ်။ ပြီးရင် ဘက်ထရီစနစ်ကို သူကပိတ်လိုက်တယ်။ ပြီးရင် ခရီးဝေးသွားဖို့ အင်ဂျင်နဲ့ပြန်သုံးတယ်။ နှစ်မျိုးအပြည့်သုံးတဲ့သဘောပေါ့” ဟု ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၆ ရက်တွင်ပြောသည်။

နဂိုမူရင်း ကုမ္ပဏီမှထုတ်သည့် ပုံစံအတိုင်းမဟုတ်တော့ဘဲ အင်ဂျင်တပ်ခြင်း၊ ဂီယာဘောက်တပ်ခြင်း၊ ဘက်ထရီစနစ်နှင့် ဝါယာရိန်းစနစ်အားပြောင်းလဲထားမှုမှ အမှားအယွင်းဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီ၏ထုတ်လုပ်မှုကြောင့် တစ်စုံတစ်ရာချို့ယွင်းချက် ပေါ့ဆမှုကြောင့် ဖြစ်ပွားရခြင်းမဟုတ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ (Xinhua)