Connect with us

Culture & Entertainment

Miss Universe Myanmar 2023 ပြိုင်ပွဲ စက်တင်ဘာ ၁၄ ရက်တွင် ကျင်းပမည်

Miss Universe Myanmar 2023 ပြိုင်ပွဲတွင် ချီးမြှင့်မည့် သရဖူကို တွေ့ရစဉ် (ဓာတ်ပုံ- Miss Universe Myanmar)

ရန်ကုန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

Miss Universe Myanmar 2023 ပြိုင်ပွဲကို ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် စက်တင်ဘာ ၁၄ ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေက ဆင်ဟွာသို့ ဩဂုတ်၂၅ ရက်တွင်ပြောသည်။

ဒေါ်စိုးယုဝေက “ဒီနှစ်မှာမြို့နယ်ကိုယ်စားပြုအလှမယ်တွေကိုပဲ ရွေးချယ်ခဲ့ပါတယ်။ မြို့နယ်ကိုယ်စားပြု အလှမယ်စုစုပေါင်းက ၃၂ ဦး ယှဉ်ပြိုင်မှာပါ။ Swimsuit ပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်၊ နဲ့ National Costume ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်မှာ ကြိုကျင်းပမှာပါ။ အရင်နှစ်တွေကလည်း အခုလိုပဲ အကြိုပြိုင်ပွဲလေးတွေ လုပ်ပြီး ကျင်းပခဲ့တာ။ ဟိုအရင်နှစ်တွေကတော့ Talent Show ကိုပါ အကြိုပွဲအနေနဲ့ ကျင်းပတာ။ အခုနှစ်ကတော့ Talent Show မပါတော့ဘူး။ ဖိုင်နယ်ပြိုင်ပွဲကြီးကတော့ ၁၄ ရက်နေ့ပါ။ အဲဒီနေ့မှာ အလှမယ် ၃၂ ဦးလုံးက ပါဝင်ယှဉ်ပြိုင်ပြီး အဆင့်ဆင့်ရွေးချယ်သွားမှာပါ” ဟု ပြောသည်။

Miss Universe Myanmar 2023 ပြိုင်ပွဲတွင် ပုသိမ် ကိုယ်စားပြုအဖြစ် ရွေးချယ်ထားသော အလှမယ် နိုနိုမေ ကို တွေ့ရစဉ် (ဓာတ်ပုံ- Miss Universe Myanmar)

Miss Universe Myanmar 2023 ပြိုင်ပွဲတွင် မော်လမြိုင် ကိုယ်စားပြုအဖြစ်ရွေးချယ်ထားသော အလှမယ် ဒီးကို တွေ့ရစဉ် (ဓာတ်ပုံ- Miss Universe Myanmar)

Miss Universe Myanmar 2023 ပြိုင်ပွဲတွင် ဗန်းမော် ကိုယ်စားပြုအဖြစ် ရွေးချယ်ထားသော အလှမယ် ခေမား ကိုတွေ့ရစဉ် (ဓာတ်ပုံ- Miss Universe Myanmar)

အလှမယ်များကို စက်တင်ဘာ ၇ ရက်မှ စတင်၍ စခန်းသွင်း လေ့ကျင့်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သရဖူကို ကျွန်မတို့က ဒီနှစ်မှာ Universe ပေါ့။ စကြဝဠာထဲမှာ လင်းလက်တောက်ပနေတဲ့ ကြယ်ပွင့်လေးပေါ့။အဲလိုမျိုးလေးစဉ်းစားပြီးလုပ်ထားပါတယ်” ဟု ဒေါ်စိုးယုဝေက ပြောသည်။
မြန်မာနိုင်ငံတွင် ပြန်လည်ကျင်းပသည့်အချိန်မှစ၍ ၁၀ ကြိမ်မြောက် Miss Universe Myanmar 2023 ပြိုင်ပွဲတွင် ပရိသတ်များကို ကြည့်ရှုခွင့်ပြုသွားမည်ဖြစ်ပြီး လက်မှတ်နှုန်းထားအား မသတ်မှတ်ရသေးကြောင်း သိရသည်။ ပွဲကို လာရောက်မကြည့်ရှုနိုင်ခဲ့ပါက SKY NET ရုပ်သံလိုင်း၊ Miss Universe Myanmar Facebook Page၊ Miss Universe Myanmar Official You tube နှင့် Channel 9 Myanmar page တို့တွင်တိုက်ရိုက်ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်မှာ ထူးခြားတဲ့ အစီအစဉ်တွေ အများကြီးတော့ လုပ်မထားပါဘူး။ ပြိုင်ပွဲကိုပဲ Highlight လုပ်မှာပါ။ Miss Universe Myanmar 2023 ဆုရရှိသူက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှာ ပြုလုပ်မယ့် အယ်လ်ဆာဗေးဒိုး နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ” ဟု ဒေါ်စိုးယုဝေက ဖြည့်စွက်ပြောကြားသည်။
Miss Universe Myanmar 2022 ကို အလှမယ် ဇာလီမိုးကရရှိခဲ့သည်။ (Xinhua)