Connect with us

Myanmar

အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၆ လ သက်တမ်းထပ်မံတိုးမြှင့်

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-နစက)

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က နိုင်ငံတော် တစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ခြောက်လ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-နစက)

နိုင်ငံအတွင်း သာမန်မဟုတ်သည့်အခြေအနေများ ဖြစ်ပေါ်နေခြင်းကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ်၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ခြောက်လ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း သိရသည်။

လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်မှုကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏ သဘောတူဆွေးနွေး ဆုံးဖြတ်ချက်များအရ “နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ ယာယီသမ္မတ ဦးမြင့်ဆွေက အသိပေးကြေညာပြောကြားခဲ့ပြီး သက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ (ဇန်နဝါရီ ၃၁ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အရေးပေါ်ကာလ တစ်နှစ် ကြေညာခဲ့ပြီး အရေးပေါ်ကာလ ၆ လ သက်တမ်းကို ယခုတစ်ကြိမ်ပါလျှင် ၅ ကြိမ်ထိ တိုးမြှင့်ထားကြောင်း သိရသည်။ (Xinhua)