Politics, Law & Military
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပြဿနာလျော့ကျစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်မည်
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးပြဿနာ လျော့ကျ စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
မူးယစ်ဆေးဝါးပြဿနာအား ထိန်းချုပ်နိုင်ရေးကို အခြားနိုင်ငံများနည်းတူ တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိကြောင်း၊၂၀၁၆ ခုနှစ်၌ ကျင်းပခဲ့သော ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေး၏ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ တစ်ခုကို ရေးဆွဲအတည်ပြုခဲ့ကြပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
အလားတူ မူဝါဒအကောင်အထည်ဖော်ဆောင်ရာ၌ ထိရောက်သော လုပ်ငန်းစဉ်များကို ဆောင်ရွက် နိုင်ရန်အတွက် မူးယစ်ဆေးဝါးဥပဒေကိုလည်း ပြင်ဆင်ပြဌာန်းပြီးဖြစ်ကြောင်း၊ မူဝါဒနှင့် ဥပဒေဆိုင်ရာ ပြောင်းလဲတိုးတက်မှုသာမက လုပ်ငန်းစဉ်များဆောင်ရွက်မှုအပိုင်း၌လည်း တိုးတက် အောင်မြင်မှုများရှိခဲ့ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
၂၀၁၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ သိသိသာသာ ကျဆင်းခဲ့ပြီး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု များကိုလည်း တိုးမြှင့်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ သို့သော်လည်း စိန်ခေါ်မှုများရှိနေသေးကြောင်း၊ ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ၏ ပံ့ပိုးမှုတို့သည် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။
သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ မတ် ၁၂ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သော မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တက်ရောက်လျက်ရှိသည်။(Xinhua)