Connect with us

Politics, Law & Military

ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအတွက် ဒေါ်လာ သန်း ၁၀၀ ချေးမည်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး ရှင်းလင်း တင်ပြစဉ်။

နေပြည်တော်၊ မေ ၃၁ ရက်(ဆင်ဟွာ)

ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် နှစ်နှစ်အောက်ကလေး သူငယ်များအား ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ် အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့ (IDA) ထံမှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချေးငွေ ရယူသွားမည်ဖြစ်၍ အတည်ပြုပေးရန် ပြည်ထောင်စု အဆင့် အဖွဲ့ အစည်း ဝင်များက ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တင်ပြရာတွင် ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့က မွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့နိုင်ရေးအတွက် အဆိုပါ ချေးငွေကို ရယူလိုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင် ရှင်းလင်း တင်ပြစဉ်။

ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့က မွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးသူငယ် ခန့်မှန်းဦးရေများမှာ ဧရာဝတီတိုင်းတွင် ၁၉၆၄၈၈ ဦး၊ ရှမ်းပြည်နယ်တွင် ၁၉၇၀၉၄ ဦး ရှိကြပြီး ဧရာဝတီတိုင်းဒေသကြီးအတွက် ကျပ် ၂၄ ဒသမ ၆ ဘီလျံ၊ ရှမ်းပြည်နယ်အတွက် ကျပ် ၂၄ ဒသမ ၈ ဘီလျံ ထောက်ပံ့သွားရန်လျာထားကြောင်း၊ ထောက်ပံ့မှု အစီအစဉ်၏အကျိုးခံစားခွင့် ရှိသူများအား ထောက်ပံ့ငွေကို အစိုးရ၏ ရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏ ချေးငွေ နှစ်မျိုး ပေါင်းစပ်သည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ထောက်ပံ့မှု အစီအစဉ်ကို ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ကယားပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် စတင်ခဲ့ပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့က မွေးဖွားလာသော အသက် နှစ်နှစ် အောက် ကလေးသူငယ် ၅၈၄၉ ဦးရှိသည့် ကယားပြည်နယ်အတွက် ကျပ် ၁ ဒသမ ၈ ဘီလျံ၊ ကိုယ် ဝန်ဆောင် မိခင်များနှင့် ၎င်းတို့က မွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးသူငယ် ၂၆၃၇၀ ဦး ရှိသော ကရင်ပြည်နယ်အတွက် ကျပ် ၈ ဒသမ ၅ ဘီလျံ ထောက်ပံ့နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့ (IDA) ချေးငွေနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က “ဒီချေးငွေဟာ သက်သာသော အမျိုးအစား ဖြစ်ပြီး အချိန်စေ့ရောက်သည့် နှစ်အလိုက် အတိုးအရင်း ပြန်လည် ပေးဆပ်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန ဘတ်ဂျက်သို့ ချေးငွေပေးဆပ်ရန် နှစ်အလိုက်လျာထား သုံးစွဲသွားရမှာ ဖြစ်ပါတယ်၊ ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြည်ပ ကြွေးမြီလက်ကျန် အခြေအနေမှာ အမေရိကန် ဒေါ်လာ ၉ ဒသမ ၈၄၄ ဘီလျံရှိပြီး ကြွေးမြီနှင့် ဂျီဒီပီ အချိုးမှာ ၁၄ ဒသမ ၃၈ ဖြစ်သောကြောင့် ကြွေးမြီ ခံနိုင်ရည် ရှိမှု အတိုင်းအတာအတွင်း ရှိကြောင်း တင်ပြအပ်ပါတယ်” ဟု ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ချေးငွေ ရယူခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသော ကိုယ်စားလှယ်များ ဇွန်လ ၃ ရက်နေ့ ညနေ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြရန် ပြည်ထောင်စု လွှတ်တော် နာယကက ပြောကြားခဲ့သည်။(Xinhua)