Connect with us

Australia / Oceania

ရေထဲပြုတ်ကျနေသော မိခင်အားကယ်တင်ရန် ၆ နှစ်အရွယ်သားလေးက ၂ကီလိုမီတာ လမ်းလျှောက် အကူအညီတောင်း

ကလေးမိခင်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော ကမ်းစပ်အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝဲလ်လင်တန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မြစ်ထဲပြုတ်ကျသွားသော ကားတစ်စီးထဲတွင် ပိတ်မိနေသည့် ၎င်း၏ မိခင်အား ကယ်တင်ရန် နှစ်ကီလိုမီတာအကွာလမ်းလျှောက်၍ ပတ်ဝန်းကျင်ထံ လိုက်လံအကူအညီတောင်းခံခဲ့ကြောင်း နယူးဇီလန်ပြည်တွင်း သတင်းဌာနတစ်ခုက ဒီဇင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

ဒေသခံအမျိုးသမီးတစ်ဦးသည် အသက် ၆ နှစ်အရွယ် ၎င်း၏ သားငယ်လေးအား နယူးဇီလန်နိုင်ငံတောင်ပိုင်း ကမ်းခြေရှိ Grey ဆေးရုံသို့ပို့ဆောင်ရန် ကားမောင်းနှင်လာစဉ် ဒေသစံတော်ချိန် နံနက် ၂ နာရီတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး မြစ်ထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ထဲပြုတ်ကျသွားသော ကားအတွင်းမှ မိခင်အား ကယ်တင်နိုင်ရန် သားဖြစ်သူ ၆ နှစ်အရွယ် ကလေးငယ်သည် ကားလမ်းမအတိုင်း ၂ ကီလိုမီတာအထိ လမ်းလျှောက်၍ ပတ်ဝန်းကျင်ထံ လိုက်လံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

အဆိုပါအကူအညီတောင်းခံနေသော ကလေးငယ်ကို အဝေးပြေးလမ်းပေါ်မှောင်းနှင်နေသော ကားတစ်စီးက သတိပြုမိခဲ့ကြောင်း ၊  ယင်းနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ကလေးငယ်၏မိခင်အား ကယ်တင်နိုင်ရန် ညလုံးပေါက် ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

၅နာရီကြာ ရှာဖွေမှုပြုလုပ်ပြီးနောက်တွင် ကလေး၏မိခင်အား ကားတိမ်းမှောက်မှုဖြစ်ပွားသော နေရာမှ ၁၀ ကီလိုမီတာ အကွာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ၊ ၎င်းသည် ရေလှိုင်းကြောင့် အချင်းဖြစ်နေရာမှ အဝေးသို့မျောပါရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအား ပြန်လည်ရှာဖွေတွေ့ရှိမှုမှာ “ အံ့ဩဖွယ်အဖြစ်အပျက်ပါပဲ”ဟု ရဲတပ်ကြပ်ကြီး Kirkwood က ဆိုသည်။

အမျိုးသမီးအား နီးစပ်ရာဆေးရုံသို့ပို့ဆောင်၍ ဆေးဝါးကုသပေးထားကြောင်း ၊ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ကလေးငယ်မှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း နှင့် ၎င်း၏ဆွေမျိုးမိသားစုဝင်များထံ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။(Xinhua)