Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅,ဝဝဝ ပြား ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူ နှင့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅,ဝဝဝ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မူူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေလ ၃၀ ရက်နေ့ ၁၂း၃၀ နာရီတွင် မောင်တောခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူပေါင်းအဖွဲ့သည် မူးယစ် ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မောင်တောမြို့နယ်၊ ဂုံးနားကျေးရွာနေ မစီနာရ် ၃၅ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းရှိ ဆာလာအိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၇,၅၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၉၅၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ၁၈း၃၀နာရီတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မောင်တောမြို့နယ်၊ လှဘော်ဇားတံတားရဲကင်းစခန်းရှေ့၊ မောင်တော-လှဖိုးခေါင် သွားလမ်းပေါ်တွင် မော်တော်ယာဉ် များအား ရှာဖွေစစ်ဆေးနေစဉ် မောင်တောဘက်မှ လှဖိုးခေါင်ဘက်သို့ မောင်တောမြို့၊ ရပ်ကွက်(၂)နေ နူရ်မာမတ် ၃၈ နှစ် စီးနင်းမောင်းနှင်လာသည့် မောတော်ဆိုင်ကယ်အား ရှာဖွေစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေး သဖြင့် လိုက်လံဖမ်းဆီးရာ ကျွဲတားပြင်ကျေးရွာပျက်အနီး၊ ပုဇွန်ကန်ဘေး၌ ၎င်းအား စက္ကူကတ်ထူပုံးအတွင်းရှိ စောင်းဘောက်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၇,၅၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၅၀ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများဖွင့်လှစ်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)