Connect with us

Politics, Law & Military

တပ်မတော်၏ အာဏာခွဲဝေရေး အရေးကြီးအဆိုသည် ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲအား အထောက်အကူ ဖြစ်စေနိုင်ဟု တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တချို့သုံးသပ်

တိုင်းရင်းသားလွှတ်တော်ကိုယ်စာလှယ်များအား ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မကျင်းပမီ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အာဏာခွဲဝေခြင်းနှင့် ပတ်သက်၍ တပ်မတော်မှ ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့ခြင်းသည် လက်ရှိဆွေးနွေးနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ကောင်းသည့် ရလဒ်ထွက်လာနိုင်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တချို့က မှတ်ချက်ပေးသည်။

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက “အာဏာခွဲဝေမှုက တိုင်းရင်းသားတွေအတွက် တကယ်လိုအပ်တယ်။ အခုလို အဆိုတင်သွင်းတဲ့ အတွက် အပြန်အလှန် အကျိုးအသက်ရောက်မှု ရှိနိုင်တယ်။ ကေအိုင်အေက အပစ်အခတ် ရပ်စဲဖို့ အတွက် ဆွေးနွေးပွဲမှာ ပါဝင်ခဲ့လို့ အခုအဆိုကို တင်သွင်းခဲ့တယ်လို့ ထင်ပါတယ်။ အခုလက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း ပိုပြီး အထောက်အကူပြုနိုင်တယ်လို့ ထင်ပါတယ်” ဟုပြောသည်။

မတ်လ (၂၀) ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက ၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်ပြဋ္ဌာန်းထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်၏ ဥပဒေပြုရေးနှင့် အခွန်အခများ ကောက်ခံရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်စေခြင်းဖြင့် အာဏာခွဲဝေခြင်း (Power Sharing)၊ သယံဇာတခွဲဝေခြင်း (Resource Sharing)၊ အခွန်အခခွဲဝေခြင်း (Tax Sharing) တို့ ပီပီပြင်ပြင် ပေါ်ပေါက်လာစေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးရှိ ဥပဒေ၊ နည်းဥပဒေများအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့မှ လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင် ပြဋ္ဌာန်းပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ သို့တိုက်တွန်းကြောင်း” အရေးကြီးအဆိုအား တင်သွင်းခဲ့ခြင်းဖြစ်သည်။

၎င်းတပ်မတော်မှ တင်သွင်းသည့် အရေးကြီးအဆိုအား ပြည်ထောင်စု လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ဒေါ်ဒွဲဘူက “တပ်မတော်သား ၂၅ ရာခိုင်နှုန်းရဲ့ image ကပိုကောင်းသွားနိုင်တယ်။ တပ်မတော်အနေနဲ့ ဗဟိုချုပ်ကိုင်မှုဟာ လက်ရှိမှာ များနေတယ်ဆိုတာ ပထမဆုံး ချပြလိုက်တာလည်း ဖြစ်တယ်’’ ဟုပြောသည်။

ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက “တပ်မတော်ကလည်း တိုင်းရင်းသား ဘက်ပါသလိုဖြစ်သွားတာပေါ့။ တိုင်းရင်းသားတွေက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရချင်တာဆိုတော့ ဒီအဆိုက တိုင်းရင်းသားတွေရဲ့နှလုံးသားကို ဆွဲကိုင်လိုက်သလို ဖြစ်သွားတာပေါ့။ အခု ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက်တော့ ကောင်းတဲ့ အကျိုးကို ရရှိစေနိုင်မယ်လို့ ယူဆပါတယ်” ဟုပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Union Peacemaking Working Committee-UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Team-NCCT) တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) အတွက် (၇) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ အား မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ (၁၇) ရက်နေ့မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

လက်ရှိကျင်းပနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့်၊ အစိုးရ နှစ်ဦးနှစ်ဖက်လုံးအတွက် အရေးကြီးသည့် ဆွေးနွေးပွဲတစ်ခုဖြစ်သည်။

အရေးကြီးအဆို တင်သွင်းခဲ့သူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က “ယခုကာလဟာ ၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် အချိန်ကာလ ဖြစ်ပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ကြိုးပမ်းနေစဉ်ကာလအတွင်းမှာပင် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်များဟာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့ရဲ့ အကျိုးစီးပွားတွေကို ဖော်ဆောင်ပေးနိုင်တဲ့ အချက်အလက်များစွာ ပါဝင်ကြောင်းတွေ့ရမှာ ဖြစ်ပါတယ် ” ဟု ထည့်သွင်းဆွေးနွေးခဲ့သည်။

၎င်းအရေးကြီးအဆိုအား ဥပဒေအဖြစ် အသက်ဝင်လာရန်အတွက် လွှတ်တော်နှင့် အစိုးရ ပူးပေါင်း၍ ဥပဒေတစ်ရပ်ရေးဆွဲပြီးလျှင် ယခု ဖြစ်ပွားနေသည့် အာဏာခွဲရေး ကိစ္စများ ပြေလည်၍ ထာဝရ ငြိမ်းချမ်းရေးကို ဦးတည်နိုင်ကြောင်း ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆင်ဟွာသို့ သုံးသပ်ပြောကြားသည်။ (Xinhua)