Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတို့၌ ပြည်ပ အကြံပေးများ ခန့်ထားခြင်း မရှိဟုဆို

သမ္မတအိမ်တော် သတင်းစာ ရှင်းပွဲ တစ်ခုတွင် ဦးဇော်ဌေးအား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတို့၌ ပြည်ပ အကြံပေးများ ခန့်ထားခြင်း လုံး၀ မရှိကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များ စာမျက်နှာမှ တစ်ဆင့် ပြောကြားခဲ့သည်။

“လက်ရှိ နိုင်ငံတော်သမ္မတရုံးမှာ အကြံပေးမှာ ဥပဒေရေးရာ အကြံပေး နှစ်ဦး (ဥပဒေဆိုင်ရာ ဝန်ထမ်း အငြိမ်းစားများသာ ဖြစ်)၊ နယ်စပ်ဆိုင်ရာ အကြံပေး တစ်ဦး (နိုင်ငံခြားရေးဝန်ထမ်းအငြိမ်းစား)၊ ရခိုင် ဆိုင်ရာ အကြံပေး တစ်ဦး (ယခင် ရခိုင်ပြည်နယ် လုံ/နယ်ဝန်ကြီးဟောင်း)၊ စုစုပေါင်း လေးဦး ခန့်ထား ခြင်းသာ ရှိပါတယ်၊ ပြည်ပအကြံပေးတွေ ခန့်ထားတာ  လုံးဝ (လုံးဝ) မရှိပါဘူး” ဟု ၎င်းက ဖြေကြား ခဲ့သည်။

ပြည်ပ အကြံပေးများနှင့် ပတ်သက်ပြီး ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့၊ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက  ဝန်ကြီးဌာန ခြောက်ခု ဖြစ်သော သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး တို့တွင် ပြည်ပမှ ပညာရှင်၊ အကြံပေး၊ နည်းပြ၊ ကျွမ်းကျင်သူ စုစုပေါင်း ၉၀ ဦး ရှိသည်ဟု ဖြေကြားထားကြောင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ စီမံကိန်းတစ်ခုချင်းအလိုက် သက်တမ်းကာလ သတ်မှတ်ချက်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းထားသည်ကို တွေ့ရှိနိုင်ကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

“အချို့ဝန်ကြီးဌာနတွေမှာ အဲ့ဒီတုန်းက စာရင်းဝင် ပြည်ပ အကြံပေးအချို့ဟာ ကာလသတ်မှတ်ချက် ပြီးဆုံးလို့ပြည်ပကို ပြန်သွားကြပြီ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောခဲ့သည်။

ထိုသို့ ဝန်ကြီးဌာန အချို့၌ စီမံကိန်းလိုအပ်ချက်များအရ ပြည်ပ အကြံပေးများအား ကာလ သတ်မှတ် ချက်ဖြင့် ခန့်အပ်ခြင်းများ ရှိခဲ့သဖြင့် နိုင်ငံတော် သမ္မတရုံး နှင့် နိုင်ငံတော် အတိုင်ပင်ခံ ရုံးတို့တွင် ပြည်ပ အကြံပေးများ ရှိသည် ဟူ၍ သတင်းအမှားများ ပြောဆိုနေကြခြင်းသာ ဖြစ်ကြောင်း သိရသည်။ (Xinhua)