Connect with us

Education & Health

ရွေးကောက်ပွဲ၌ တရားစွဲခံရသော ဆရာ၊ ဆရာမများအား ဥပဒေကြောင်းအရ ကူညီပေးမည်ဟု ဆို

၂၀၂၀ ရွေးကောက်ပွဲ၌ နေပြည်တော်ရှိ မဲရုံတစ်ရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာ ဆရာမများကို တွေ့ရစဉ်။ (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံတာဝန်ဖြင့် သက်ဆိုင်ရာ တရားရုံး များတွင် တရားစွဲဆိုခံထားရ၍ အမှုရင်ဆိုင်နေရသည့် ဆရာ၊ ဆရာမများအား ပညာရေး ဝန်ကြီးဌာနက ဥပဒေကြောင်းအရ ကူညီ ဆောင်ရွက်ပေးရန် ပညာရေး ဝန်ကြီးဌာန၊ အခြေခံ ပညာ ဦးစီးဌာန၊ နေပြည်တော်က အကြောင်းကြားစာများ ထုတ်ပြန်ပြီး ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက အိမ်တော်သတင်း ထောက်များ စာမျက်နှာတွင် ယနေ့ နေ့လယ်ပိုင်း၌ ဖြေကြားခဲ့သည်။

အဆိုပါ တရားစွဲဆိုခြင်းခံထားရသော ဆရာ ဆရာမများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ၊ ခရိုင် ပညာရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများက ဥပဒေကြောင်း အရ ကူညီ ဆောင်ရွက်ပေးရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း အခြေခံ ပညာ ဦးစီးဌာန၊ နေပြည်တော်၏ အကြောင်းကြားစာ၌ ဖော်ပြ ပါရှိသည်။

ဆရာ ဆရာမများအနေဖြင့် သက်ဆိုင်ရာ ပညာရေးမှူးထံ အသိပေး အကူအညီ တောင်းခံနိုင်ရန်နှင့် ပညာရေး မှူးများကလည်း လိုအပ်ပါက ဦးရဲလင်းမြင့်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ) ၊ အခြေခံပညာ ဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၊ ဖုန်း- ၀၉၄၂၀၁၈၈၅၂၈ သို့လည်းကောင်း၊ ဒေါက်တာ ကျော်ဝင်းစိုး၊ ညွှန်ကြားရေးမှူး (စီမံ)၊ အခြေခံ ပညာ ဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၊ ဖုန်း – ၀၉၉၇၉၂၄၉၀၈၃ သို့လည်းကောင်း ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။လက်ရှိ၌ တရားစွဲဆိုခြင်းခံထားရသော ဆရာ ဆရာမ အရေအတွက် ကိုးဦး ရှိနေပြီး မိတ္ထီလာခရိုင် ပျော်ဘွယ် မြို့နယ်နှင့်၊ ပုသိမ်ခရိုင် ချောင်းသာမြို့နယ်တို့ရှိ ဆရာမ နှစ်ဦးတို့မှာ အမှု ရင်ဆိုင်နေ ရကြောင်း သိရသည်။ (Xinhua)