Connect with us

Politics, Law & Military

ကပ်ရောဂါကူးစက်မှုနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များရှိနေမှုအပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်မှုများအား ရပ်တန်းကရပ်ရန် နိုင်ငံတော်အတိုင်ပင်ခံ၏ပုဂ္ဂိုလ် အလေးအနက် တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ကပ်ရောဂါကူးစက်မှုနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များရှိနေမှုအပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်မှုများ၊ ရန်လိုမှုများနှင့် ပြသာနာများအား ရပ်တန်းကရပ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် တိုက်တွန်းခဲ့ကြောင်း သိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် ပြောကြားသည့် မိန့်ခွန်းအတွင်း အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက် နှစ်ပတ်လည်မိန့်ခွန်းပြောကြားနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဓာတ်ပုံ-Myanmar State Counsellor Office)
 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် သူ့ချည်းသက်သက် သီးသန့်ဖြစ်နေသည့် လုပ်ငန်းစဉ် မဟုတ်ကြောင်း၊  COVID-19 ၏ ကျန်းမာရေး၊ စီးပွားရေးစသည့် အကျိုးဆက်များကို နိုင်ငံနှင့် ပြည်သူများကိုယ်တိုင် ရင်ဆိုင်နေရသည့်အခြေအနေ၊ အနာဂတ်အတွက် အရေးကြီးလှသော ဒီမိုကရေစီနည်းလမ်းတကျကျင်းပမည့် ရွေးကောက်ပွဲများ၏ အခြေအနေ၊ ထို့ပြင် အားပြိုင်မှုများနှင့် ပြောင်းလဲလာနေသည့် နိုင်ငံတကာဆက်ဆံရေးနှင့် ပထဝီနိုင်ငံရေးအခြေအနေ စသည့် မြောက်များစွာသော ဆက်စပ်အခြေအနေများထဲ၌ နိုင်ငံ၏ အရေးကြီးလှသည့် ငြိမ်းချမ်းရေးကို တစ်နေ့ပြီးတစ်နေ့ ပိုမိုတိုးတက်ကောင်းမွန်အောင်၊ တစ်ဆင့်ပြီးတစ်ဆင့် ပိုမို တိုးတက်အောင်မြင်အောင် ကြိုးစားနေကြရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 “တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ ခါးဆက်အပြတ်ခံလို့မရဘဲ တစိုက်မတ်မတ် အချိန်တိုင်း ကြိုးစားနေကြ ရမှာပါ။ ငြိမ်းချမ်းရေးမရှိလို့၊ ငြိမ်းချမ်းရေးမရသေးလို့ ဒုက္ခပင်လယ်ဝေနေကြရတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေ တတ်နိုင်သမျှ သက်သာရာရစေဖို့ အချိန်တိုင်း ကြိုးပမ်းနေကြရမှာပါ”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါနေသည့် အဖွဲ့များ၊ NCA လက်မှတ် မထိုးရသေးပေမယ့် ဆွေးနွေးညှိနှိုင်းနေဆဲ အဖွဲ့အစည်းများ အားလုံးအနေဖြင့် အပြန်အလှန် ဆက်သွယ်မှု၊ ထိတွေ့ ပြောဆိုမှု၊ ညှိနှိုင်းအဖြေရှာမှုများကို အလွတ်သဘောပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ်ဖြစ် ဆက်တိုက်လုပ်နေကြရမည်ဖြစ်ကြောင်း၊  တိုက်ပွဲများ၊ စစ်ပွဲများ ပစ်ခတ်တိုက်ခိုက်မှုကိုသာ ရပ်စဲရန်လိုအပ်နေတာ ဖြစ်ပြီး ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကို ရပ်စဲခံလို့မရကြောင်း ၎င်းကဆိုသည်။

” NCA စာချုပ်က အစပြုလိုက်ပြီးတဲ့နောက် ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)လိုမျိုး ခိုင်မာတဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် လုပ်ငန်းစဉ်တွေနဲ့ အုတ်မြစ်လည်း ချနိုင်ခဲ့ပါပြီ။ ၂၀၂၀ အလွန် ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး ခရီးမှာ လိုအပ်နေတာက ကျွန်မတို့အားလုံး ညီညွတ်ရေးပြိုကွဲနေခြင်းဆိုတဲ့ ရောဂါဆိုးကြီး ပျောက်ကင်းချင်စိတ်ရှိဖို့၊ အားလုံးသိထားပြီးဖြစ်တဲ့ ကုထုံးအတိုင်း အနာနဲ့ဆေးချက်တည့်အောင် အချိန်မဆွဲဘဲ ကုသမှုပေးပြီး အမြန်ဆုံး ရောဂါပျောက်ကင်းဖို့ပဲ ဖြစ်တယ်လို့ပဲ တိုက်တွန်းချင် ပါတယ်” ဟု  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ငြိမ်းချမ်းရေးကင်းမဲ့ခြင်းကြောင့် ဒီနိုင်ငံမှာ လက်နက်အားကိုးဝါဒကို ပိုပြီး ကြီးထွား လာစေပြီး ယဉ်ကျေးသည့်၊ ငြိမ်းချမ်းသည့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုသော နိုင်ငံရေး ဓလေ့ကိုလည်း ချည့်နဲ့စေနိုင်ကြောင်း၊  တစ်ဆက်တည်းမှာဘဲ ဒီမိုကရေစီ၊ လူ့အခွင့်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး များသည် တံလျှပ်လိုပဲ တကယ့်လက်တွေ့၌ ဖမ်းဆုပ်ကိုင်နိုင်မည် မဟုတ်ဆိုတာကိုပြည်သူပြည်သားများအလေးအနက် သုံးသပ်ဆင်ခြင်ကြစေ လိုကြောင်း မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.