Connect with us

Politics, Law & Military

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ” အစည်းအဝေးကျင်းပပြုလုပ်

ပုံစာ - အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ” အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်သည်။

အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး တင်ပြရာတွင် မြန်မာ့တပ်မတော် သည် ပြည်သူနှင့် ပတ်သက်လာလျှင် “ ပြည်သူသာအမိ၊ ပြည်သူသာအဖ ” ဟူသော ဆောင်ပုဒ်ကို ခေတ်အဆက်ဆက် ဦးထိပ်ထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူတို့ လိုလားတောင်းဆိုသော “ ပါတီစုံဒီမိုကရေစီစနစ် ” ကို ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ခြင်း နည်းလမ်းတည်းဟူသော နိုင်ငံရေး ယဉ်ကျေးမှုများဖြင့် တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ပါကြောင်း ဦးစွာ ပြောကြားသည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့ကို အောင်မြင်စွာ ကျင်းပပေးခဲ့ပါကြောင်း၊ ၎င်းရွေးကောက်ပွဲများ၌ ကြီးမားသည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ မရှိခဲ့ဘဲ သာမန်အငြင်းပွားမှုများကိုသာတွေ့ရှိခဲ့ရပြီး အဆိုပါရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု များကိုလည်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နှင့် တာဝန်ရှိသူများက ဥပဒေနှင့်အညီ ဖြေရှင်းပေးခဲ့ပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် ၎င်းစနစ်၏ အသက်ပင်ဖြစ်ပါကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ် ပေါ်လွင်စေမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌တည်သည်”ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့်သုံးမည့် အစိုးရအဖွဲ့၊ သက်ဆိုင်ရာ လွှတ်တော်အသီးသီး၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အဖွဲ့အစည်းအသီးသီးတို့ကို ရွေးကောက်ပွဲဖြင့် တိုက်ရိုက်၍သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ပြည်သူက ရွေးချယ် ရခြင်းဖြစ်ပါကြောင်း၊ ၎င်းရွေးကောက်ပွဲသည် လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတမှသာ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ပေါ်လွင်လျက် အချုပ်အခြာအာဏာသည် ပြည်သူ/ နိုင်ငံသားများထံမှ စစ်မှန်သည့် ဆင်းသက်ခြင်းမျိုးဖြစ်ပါကြောင်း။

ယခုကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန် ခဲ့သော မဲစာရင်းအပေါ် စိစစ်ချက်များအရ မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၁၀၄၈၂၁၁၆ (တစ်ဆယ်သန်းလေးသိန်းကျော်) ရှိခဲ့ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၈ သန်း ရှိပြီး ၎င်းအနက် ၁၀ သန်းကျော် မဲမသမာမှုဖြစ်နိုင်ကြောင်း စိစစ်တွေ့ရှိချက်မှာ မဲပေးပိုင်ခွင့်ရှိသူ လူပမာဏ၏ လေးပုံတစ်ပုံကျော် ( ၂၅ % ကျော် ) မဲမသမာမှုဖြစ်နိုင်နေခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိစ္စသည် သာမန်မှားယွင်းမှု၊ သာမန်အငြင်းပွားနိုင်မှုမဟုတ်သည်ကို ပြည်သူလူထုတစ်ရပ်လုံး တွေ့မြင်နိုင်ပါကြောင်း၊ ထိုသို့တွေ့မြင်နိုင်အောင်လည်း တပ်မတော်အနေဖြင့် ပွင့်လင်း မြင်သာစွာ စိစစ်တွေ့ရှိချက် စာရင်းဇယားများထုတ်ပြန်ခြင်း ၃၀ ကြိမ်၊ သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းအား ရွေးကောက်ပွဲမတိုင်မီ ၂ ကြိမ်၊ ရွေးကောက်ပွဲအပြီး ၄ ကြိမ်၊ စုစုပေါင်း ၆ ကြိမ်၊ တရားဝင်ထုတ်ပြန်ခဲ့ပါကြောင်း၊ တပ်မတော်သတင်းစာ ရှင်းလင်းပွဲများ၌လည်း ပြည်တွင်း၊ ပြည်ပမီဒီယာ ၅၀ ကျော်ရှေ့တွင် သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသခဲ့ပြီးဖြစ်ပါကြောင်း။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်၏ အုတ်မြစ်ဖြစ်သော ရွေးကောက်ပွဲအား လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေး၊ ရိုးသားသည့်နိုင်ငံရေးဖြစ်စေရေး ရွေးကောက်ပွဲမတိုင်မီကပင် အကြိမ်ကြိမ် ပြောကြားခဲ့ပါကြောင်း၊ “ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ” ဖြစ်ခဲ့ခြင်း ရှိ/ မရှိကို ရွေးကောက်ပွဲကျင်းပသည့်ရက် ၁ ရက်တည်းကြည့်ပြီး ဆုံးဖြတ်၍မရနိုင်ပါကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲရက်ကာလ၊ ရွေးကောက်ပွဲ အပြီးကာလ အနည်းဆုံး ကာလ ၃ ခု၌ လွတ်လပ်၍ တရားမျှတမှု ရှိ/ မရှိ၊ သံသယ ကင်းကင်း၊ သန့်သန့်ရှင်းရှင်း ရှိ/မရှိ သုံးသပ်စိစစ်ရမည်ဖြစ်ပါကြောင်း၊ ကျင်းပ ပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် ၎င်းအချိန်ကာလ ၃ ခုလုံး၌ လွတ်လပ်မှု၊ တရား မျှတမှု၊ သန့်ရှင်းမှုများအပေါ် အငြင်းပွားဖွယ်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း ယနေ့ အထိ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ ၂၀ ပါတီမှ ကြေညာချက် ၂၆ စောင် ထုတ်ပြန်ပြီး ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုနိုင်သည့် စာရင်းများကို ရှင်းလင်းပြီးစီးမှု မပြီးမချင်း တတိယအကြိမ်လွှတ်တော်ကို ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်း ၁၀.၁၁.၂၀၂၀ ရက်နေ့မှ ၂၉.၁.၂၀၂၁ ရက်နေ့အထိ မြို့နယ် ၉၉ မြို့နယ်၌ ဆန္ဒဖော်ထုတ်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာလျက် “ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ” ဖြစ်စေရေး ဥပဒေပြဋ္ဌာန်းချက်များကို မကျော်လွန်စေဘဲ ၂-၁၁-၂၀၂၀ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ဆဲဥပဒေများကို ကျော်လွန်၍ ညွှန်ကြားချက် အမျိုးမျိုးထုတ်နေမှုများ၊ ကြိုတင်မဲပေးချိန်၌ ကြုံတွေ့နေရသည့် ဥပဒေနှင့်မညီညွတ်မှု များအား ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အား သဘောထားထုတ်ပြန်ကြေညာခြင်း၊ ၂-၁၁-၂၀၂၀ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးအား လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ဒေသခံတိုင်းရင်းသားပြည်သူများအား ခြိမ်းခြောက်မှုမပြုစေရေးနှင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးလှုပ်ရှားခွင့် ရရှိစေရေး ဆောင်ရွက်ပေးရန် သဘောထားထုတ်ပြန် ကြေညာခြင်း၊ ၃၀-၁၁-၂၀၂၀ ရက်နေ့တွင် ရွေးကောက်ပွဲအငြင်းပွားမှုများ ဖြေရှင်း နိုင်ရန်နှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအဖြစ် အများပြည်သူ သံသယ ကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေး သက်သေခံ ဥပဒေ ပုဒ်မ ၇၄ နှင့် ၇၆ တို့အရ စာရွက်စာတမ်းများ ကူးယူခွင့် တောင်းခံသည့် သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခြင်း၊ ၁၀-၁၂-၂၀၂၀ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ စာရွက်စာတမ်း ကူးယူခွင့်များကို ခွင့်မပြုသဖြင့် ၎င်းစာရွက်စာတမ်းများအား ကူးယူခွင့်တောင်းခံခြင်းမှာ နိုင်ငံသား တစ်ဦး၏ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံခြင်းဖြစ်သည့်အတွက် ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်း သည့် သဘောထားထုတ်ပြန်ခြင်း၊ ၁၄-၁-၂၀၂၁ ရက်နေ့တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦး တို့က ၁၁-၁-၂၀၂၁ ရက်နေ့၌ အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးခေါ်ယူရန် တင်ပြချက်အား ငြင်းဆန်မှုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်း ရှိ/မရှိ ပြန်လည် ဆန်းစစ်ပေးရန် သဘောထားထုတ်ပြန်ခြင်း၊ ၂၀-၁-၂၀၂၁ ရက်နေ့တွင် တပ်မတော်၏ ရွေးကောက်ပွဲအပေါ် စိစစ်တွေ့ရှိချက်များ၊ မဲမသမာမှု ဖြစ်စေနိုင်သည့်စာရင်းများ ထုတ်ပြန်နေရခြင်းမှာ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်း မြင်သာသည့် အထွေထွေရွေးကောက်ပွဲရလဒ်ကို သံသယကင်းရှင်းစွာ အသိအမှတ် ပြုလိုခြင်းကြောင့်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးရန်နှင့် လွတ်လပ်၍တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်မည်ဖြစ်၍ တပ်မတော်နှင့် အခြားသောနိုင်ငံရေးပါတီများအနေဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေ့ရှု၍ ပြည်ထောင်စုလွှတ်တော်က သော်လည်းကောင်း၊ နိုင်ငံတော်အစိုးရက သော်လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသော်လည်းကောင်း နည်းလမ်းရှာဖြေရှင်းပေးပါရန် သဘောထား ထုတ်ပြန်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် ၎င်းထုတ်ပြန်ချက်များအား ထုတ်ပြန်ခဲ့သည့်အပြင် အစိုးရအဖွဲ့ထံ အထက်ပါကိစ္စများကို ဖြေရှင်းပေးနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအား ခေါ်ယူပေးပါရန် တင်ပြ ခဲ့ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြောကြားရာတွင် တပ်မတော်အနေဖြင့် ကြေညာချက်များ ထုတ်ပြန်၍ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ရွေးကောက်ပွဲနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဖြေရှင်းပေးရန် ပထမအဆင့် ပြောကြား ခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးရန် ငြင်းဆန်သည့်အခါ ပြည်ထောင်စုလွှတ်တော်မှတဆင့် ဖြေရှင်းပေးနိုင်ပါရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဥပဒေနှင့်အညီ တောင်းဆိုသည့် ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူပေးရန် ငြင်းဆန်သည့်အခါ လက်ရှိကြုံတွေ့ နေရသော အခြေအနေများကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တစ်ခုခုက နည်းလမ်းရှာဖြေရှင်းပေးပါရန် တောင်းဆိုခဲ့ပါကြောင်း၊ ၎င်းအဆင့်အားလုံး ငြင်းပယ်ခံရသည့်အခါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် အဓိကတာဝန်ရှိသော သမ္မတဦးစီးသည့် အရပ်ဘက်၊ စစ်ဘက်အားလုံးကို ကိုယ်စားပြုသော “ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ” အစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးကြရန်တင်ပြခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် ဤသို့ လုပ်ထုံး၊ လုပ်နည်း၊ ဥပဒေများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပါကြောင်း။

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ “ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်စေရန် ”ကိုလည်းကောင်း၊ ပုဒ်မ ၆ (ဃ)နှင့် ပုဒ်မ ၇ တို့အရ “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး” ကိုလည်းကောင်း၊ ပုဒ်မ ၆ (စ)အရ “ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”ကိုလည်းကောင်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော မဲမသမာမှုဖြစ်နိုင်သည့်စာရင်း ၁၀၄၈၂၁၁၆ (တစ်ဆယ်သန်းလေးသိန်း ကျော်)အား တာဝန်ရှိသူအဆင့်ဆင့်ကဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးအား ခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန် ကြိုးစားခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀ (ဂ)နှင့် ပုဒ်မ ၄၁၇ ပါ “ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်း ” ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အား သုံးသပ်ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈ ခုနှစ် ) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(က)အရ နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်တင်ပြ ဆွေးနွေး ရာတွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက် များအား လေးစားလိုက်နာလျက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား ယာယီသမ္မတမှ လွှဲပြောင်း တာဝန်ပေးထားသည့် ယနေ့မှစ၍ စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တာဝန်ဆောင်ရွက်ခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိသော တည်ဆဲဥပဒေများ အတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ငံရေးပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးသွားမည်ဖြစ်ပါကြောင်းဖြင့် တင်ပြဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Credit – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.