Connect with us

Politics, Law & Military

ပြည်သူ့အသက် စည်းစိမ်ကို ခြိမ်းခြောက်နေသော ထိန်းသိမ်း ပြုပြင်ရန် နောက်ကျနေသည့် တမံများအား အမြန်ဆုံး ပြုပြင်ရန် လွှတ်တော်က တိုက်တွန်းမည်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၅ ရက် (ဆင်ဟွာ)

ထိန်းသိမ်း ပြုပြင်ရန် နောက်ကျလျက် ရှိသဖြင့် ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်နေသော မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ချင်းပြည်နယ် နယ်စပ် တို့ရှိ ပျက်စီးနေသည့် တမံများနှင့် သဘာဝ မြေပြိုကန်တို့အတွက် လာမည့် မိုးရာသီ မတိုင်မီ ပြုပြင် ထိန်းသိမ်းမှုကို အမြန်ဆုံး လုပ်ဆောင်ရန် ပြည်ထောင်စု အစိုးရအား လွှတ်တော်က တိုက်တွန်းမည် ဖြစ်သည်။

ထိုသို့တိုက်တွန်းရန် အဆိုကို သာမန် အဆိုတစ်ရပ် အဖြစ် ပုလဲ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးသို့တင်သွင်းပြီး ဆိပ်ကြီး- ခနောင်တို လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ထောက်ခံကာ ထိုအဆိုအား လက်ခံ ဆွေးနွေးရန် ပြည်သူ့လွှတ်တော်က ကန့်ကွက်သူ မရှိ သဘောတူ လိုက်သဖြင့် မေလ ဒုတိယ အပတ်အတွင်း ဆွေးနွေးကာ ၎င်းအဆိုအတိုင်း ဆောင်ရွက်ရန် အစိုးရအဖွဲ့အား တိုက်တွန်းသွားမည် ဖြစ်သည်။
ဒေါ်ခင်စန်းလှိုင်၏ အဆိုတွင် မကွေး တိုင်းဒေသကြီး မုန်းချောင်း တစ်လျှောက်ရှိ ပျက်စီးနေသော မုန်းတမံနှင့် ကျီးအုံ ကျီးဝ တမံများနှင့် စစ်ကိုင်း တိုင်းဒေသကြီးနှင့် ချင်းပြည်နယ် နယ်စပ် ရာဇဂြိုဟ်ဆည် အထက်ရှိ သဘာဝ မြေပြိုကန်တို့အား အချိန်မီ ပြုပြင် ထိန်းသိမ်းမှု မလုပ်ပါက လာမည့် မိုးရာသီတွင် ဒေသခံ ပြည်သူ နှစ်သိန်းခွဲခန့်တို့ ရေဘေးဒဏ် ခံကြရမှ သေချာနေသည့် အပြင် ယခု တွေ့ကြုံရမည့် သဘာဝဘေးသည် ပြီးခဲ့သည့် ၂၀၁၅ သြဂုတ်လ ရေဘေးသင့်မှုထက် ပိုမို ဆိုးရွားနိုင်ကြောင်း၊ အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် ဖြစ်ကြောင်း ပါဝင်သည်။
“ရခိုင်ရိုးမ တောင်တန်းမှ ဧရာဝတီမြစ်သို့စီးဆင်းလာတဲ့ မုန်းချောင်း တစ်လျှောက်မှာ မုန်းချောင်းဆည်၊ ကျီးအုံ ကျီးဝဆည်နဲ့သူတို့ရဲ့ ရေလွှဲဆည်များ ရေထိန်းတံခါးများ အဆင့်ဆင့် ရှိနေကြပါတယ်။ အထက်ဘက်က ဆည်ကို ထိခိုက်ခဲ့ရင် အောက်ဘက် ဆည်မြောင်း တာတမံတွေကို ဆင့်ကဲ ထိခိုက် အကျိုးသက်ရောက်မှာ ဖြစ်ပြီး အိမ်ထောင်စု လေးသောင်းကျာ် ရှိတဲ့ ပွင့်ဖြူမြို့နဲ့ ရပ်ကွက် ကျေးရွာတွေကို ချိန်ရွယ်ထားတဲ့ စက်ခလုတ်များလို ဖြစ်နေပါတယ်။ ၂၀၁၅ ရေကြီးချိန်မှာ မုန်းတမံရဲ့ အမြင့်ဆုံး ရေမျက်နှာပြင် အထက်ကို ရေက နှစ်ဆကျော် ရောက်ခဲ့ပါတယ်။ ရေပိုလွှဲအမြင့် အထက် ၃၅ ပေ ရေကျော်ကျခဲ့လို့တမံရဲ့ အစိတ်အပိုင်းတွေ ပျက်စီးခဲ့ပါတယ်။ အဲဒီအပျက်အစီးတွေကို အချိန်မီ မပြင်နိုင်ရင် အောက်ဘက်မှာ ရှိတဲ့ တမံငယ်များနဲ့တကွ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ် ထိခိုက်နိုင်ခြေဟာ မြင့်မားနေတာတွေ့ရပါတယ်” ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က လွှတ်တော်သို့အဆို တင်သွင်းရာတွင် ပြောကြားခဲ့သည်။
မုန်းတမံကဲ့သို့ပင် ကျီးအုံကျီးဝ တမံသည်လည်း ၂၀၁၅ ရေကြီးမှုတွင် အမြင့်ဆုံး ရေမှတ်အထက် ၁၃ ပေကျော် ရောက်ရှိခဲ့ကာ ရေပိုလွှဲမှ ရေအမြင့်ပေ ၃၄ ပေကျော် ကျဆင်းခဲ့သဖြင့် ဆည်ကြီး၏ ကွန်ကရစ် မျက်နှာပြင်များ သာမက အောက်ခံ ကျောက်လွှာများပါ ပျက်စီးကာ ချိုင့်ခွက်ကြီးများ ဖြစ်နေသည်ဟုလည်း ဒေါ်ခင်စန်းလှိုင် က slide ဓာတ်ပုံများဖြင့် လွှတ်တော်သို့ ရှင်းပြခဲ့သည်။
ယမန်နှစ် ထိုသို့ရေလျှံရုံဖြင့်ပင် မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် အိမ်ထောင်စု ၁၉၈၁ စု၊ လူဦးရေ ၂၂,၀၀၀ ကျော် ရှိသော ကျေးရွာပေါင်း များစွာနှင့် လယ်ဧကပေါင်း များစွာ ပျက်စီးခဲ့ရကြောင်း၊ အကယ်၍ တမံနှင့် ဆည်အပျက်အစီးများအား အချိန်မီ မပြုပြင်သဖြင့် ရေပိုလွှဲ၊ သို့မဟုတ် ဆည်များ ကျိုးပျက်ပါမူ အဆ ပိုမို များပြားသည့် ပျက်စီး ဆုံးရှုံးမှုများကို စိုးရိမ် ထိတ်လန့်ဖွယ် ကြုံတွေ့ရနိုင်ကြောင်းလည်း ၎င်းက ချိန်ထိုး တွက်ဆ ပြခဲ့သည်။
ထို့အတူ စစ်ကိုင်းတိုင်း အနောက်ပိုင်းရှိ ရာဇဂြိုဟ်ဆည်၏ ရေပိုလွှဲများ ရေလျှံရုံမျှဖြင့်ပင် ကလေးမြို့ထက်ဝက်ကျော် ရေနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စု ၆,၄၉၆ တို့ရေဘေးသင့် ခဲ့ရကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောသည်။ အဆိုပါ ရာဇဂြိုဟ်ဆည်၏ ရေဝေရေလဲ နယ်မြေ အတွင်း အချိန်မရွေး ပြိုကျနိုင်သည့် သဘာဝ မြေပြိုရေကန်များလည်း ရှိနေပြီး ထိုမြေပြိုကန်များ ပြိုကျမှုကြောင့် မြစ်အောက်ပိုင်းရှိ ရာဇဂြိုဟ်ဆည်တွင် ပုံမှန်ထက် အနည်းဆုံး ၁၀ ပေ အထက် ရေမြင့်တက်လာစေကာ အလွန် အန္တရာယ်ကြီးသော အခြေအနေသို့ရောက်ရှိမည်ဟုလည်း ၎င်းက သုံးသပ် တင်ပြခဲ့သည်။
“အခုလို အယ်လ်နီညို နှစ်မျိုးမှာ အချိန်တိုအတွင်း မိုးရွာသွန်းမှုတွေ မြစ်ချောင်းများအတွင်း ရေစီးဆင်း အရှိန်မြင့်မှုတွေ မလွဲမသွေ ဖြစ်လာတော့မှာပါ။ မနှစ်က ရေကြီး ရေလျှံမှုအရ ရေပိုလွှဲရုံနဲ့ပင် ပျက်စီး ဆုံးရှုံးမှုတွေ များခဲ့ရတော့ တကယ်လို့ဆည်ကြီးတွေသာ ကျိုးပျက်မယ်ဆိုရင် မနှစ်ကထက် ပိုပြီး ဆိုးရွားစွာ ပျက်စီးဆုံးရှုံးမှာ သေချာနေပါတယ်။ ဒီဖြစ်စဉ်တွေကို သက်ဆိုင်ရာ ဌာနတွေက ကောင်းစွာ သိရှိခဲ့ပြီး ဖြစ်သလို ပြည်ပ အကြံပေးတွေကလည်း စစ်ဆေး သတိပေး ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ ပျက်စီးမှုတွေ ကို ပြီးခဲ့တဲ့ ပွင့်လင်း ရာသီမှာလည်း တစ်စုံတစ်ရာ ပြင်ဆင်ခဲ့တာကို မတွေ့ရပါ။ ပွင့်လင်းရာသီ ကုန်လုပြီ ဖြစ်တဲ့ ဒီနေ့အထိ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မှု ကြိုတင် ပြင်ဆင် ကာကွယ် တားဆီးမှုတွေ ဆောင်ရွက်တာ မတွေ့ရပါ။ ဒါကြောင့် အချိန်မီ ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း အဆို တင်ရတာ ဖြစ်ပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။
ပညာရှင်များ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံသို့မုတ်သုန်လေ ရောက်ရှိချိန်သည် မေလ တတိယပတ်နှင့် နောက်ဆုံး ပတ်အတွင်း ဖြစ်နိုင်ပြီး ဇူလိုင်လခန့်တွင် ဆည်များ တမံများ အတွင်းသို့ရေများ အလုံးအရင်းဖြင့် ဝင်လာတော့မည် ဖြစ်သည်။
ထိုသို့ကြိုတင် ဆောင်ရွက်သင့်သည်တို့ကို မိုးရာသီ မတိုင်မီ အမြန်ဆုံး လုပ်ဆောင်ရန် အဆိုအား ပြည်သူ့လွှတ်တော်က မေလ ၁၁ ရက် နောက်ပိုင်းတွင် စတင် ဆွေးနွေးမည်ဖြစ်ရာ မေလ တတိယပတ်တွင် ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုပြီး ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းနိုင်မည် ဟု ခန့်မှန်းထားကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.