Connect with us

Politics, Law & Military

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည့် ဘုံသဘောထား ရပ်တည်ချက် အခြေခံမူများ ရရှိဟု ပဒို စောကွယ်ထူးဝင်း ပြောကြား

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ အပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

မိုင်ဂျာယန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ မိုင်ဂျာယန်၌ ကျင်းပလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာ စုံညီ အစည်းအဝေး ဒုတိယနေ့အပြီးတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည့် ဘုံသဘောထား ရပ်တည်ချက် အခြေခံမူများ ရရှိခဲ့ကြောင်း ကျင်းပရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁)ဖြစ်သူ ကရင် အမျိုးသား အစည်းအရုံး(KNU)မှ ပဒိုစောကွယ်ထူးဝင်းက ဇူလိုင် ၂၇ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီနေ့မှာ အဓိကအားဖြင့်တော့ အကြောင်းအရာ ၂ ခုပါ။ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည့် အခြေခံမူ နဲ့ပြည်နယ် ဖွဲ့စည်းပုံ ဆိုင်ရာ အခြေခံမူ တွေကို ဆွေးနွေးကြပါတယ်။ဆွေးနွေးတဲ့ အခါ ပြည်ထောင်စု ဖွဲ့စည်းပုံ ဆိုင်ရာ ရေးဆွဲတဲ့ အခါမှာ အခြေခံတဲ့မူ တွေကို ရရှိပါတယ်။ဒါပေမယ့် ဒီအခြေခံမူကို အသေးစိတ် အကြောင်းအရာ အချက်အလက်နဲ့ပတ်သက်ပြီး ဆက်လက် ဆွေးနွေးဖို့အတွက် ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”ဟု ဒုတိယ ဥက္ကဋ္ဌ(၁)ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာ စုံညီ အစည်းအဝေး ဒုတိယနေ့အပြီး သတင်း ထုတ်ပြန်ရာတွင် အဓိကအားဖြင့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ အခြေခံမူများ ၊ ဘုံသဘောထားများ ချမှတ်နိုင်ရန် ဖက်ဒရယ် အခြေခံမူ နှင့် ဝိသေသ လက္ခဏာများ ဆိုင်ရာ စာတမ်း တင်သွင်းခြင်း ၊ ဖက်ဒရယ် ပြည်ထောင်စု နှင့် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခြေခံမူများ ဆိုင်ရာ စုစည်း တင်ပြချက်များ တင်သွင်းခြင်းများ ပြုလုပ်၍ ခေါင်းဆောင် ကိုယ်စားလှယ်များမှ အပြန်အလှန် အမေး ၊ အဖြေများ ၊ အမြင် သဘောထား ဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး စာတမ်းများကို မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အခု ပြင်ဆင်နေတာကတော့ ၂၁ ရာစု ပင်လုံလို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တိုင်းရင်းသားတွေဘက်က ကျွန်တော်တို့လိုချင်တဲ့ ၊ တိုင်းရင်းသားတွေ အားလုံး တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ဖွဲ့စည်းတဲ့ နေရာမှာ ဘယ်လို ပုံစံမျိုး ၊ ဘယ်လို အခွင့် အာဏာမျိုးနဲ့ပြည့်စုံရမယ် ဆိုတဲ့ဟာကို တင်ပြနိုင်ဖို့အချင်းချင်း ညှိနှိုင်းနေကြတာပါ။အဲဒါတော့ အားလုံး မပြည့်စုံသေးပါဘူး။အချက် တစ်ချို့အပေါ်မှာတော့ သဘောတူညီမှု ရပြီး ဖြစ်ပါတယ်။”ဟု မွန်ပြည်သစ် ပါတီ(NMSP)မှ နိုင်ဟံသာ က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ယခု အစည်းအဝေး နှင့် ပတ်သက်၍ “အဓိကတော့ ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အားလုံး ဘုံ သဘောတူညီချက်တွေကို တင်ပြနိုင်ဖို့မျှော်လင့်တာ ဖြစ်ပါတယ်။ဆွေးနွေးပွဲတွေမှာ အောင်မြင်နိုင်ဖို့ဆိုရင် ဘုံသဘောတူညီချက် အပြုသဘောနဲ့တစ်စုံတရာ ရရှိဖို့မျှော်လင့်ချက် ထားရှိတာ ဖြစ်ပါတယ်။”ဟု ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့(KIO)မှ ဗိုလ်ချုပ် ဂွမ်မော်က အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ထို့အပြင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် မပါမဖြစ် ပါဝင်ရမည့် အခြေခံမူများ တို့ကို အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင် ကိုယ်စားလှယ်များက ဆွေးနွေးပြီး အသေးစိတ်ကို ကျန်သည့် အစည်းအဝေး ရက်များတွင် ဆက်လက် ဆွေးနွေးသွားရန် သဘောထား ချမှတ်ခဲ့ကြောင်း ၊ ထိုနည်းတူ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရာတွင် အခြေခံရမည့် မူများကိုလည်း ဆွေးနွေးပြီး အသေးစိတ် ဆက်လက် ဆွေးနွေးနိုင်ရန် အလုပ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။(Xinhua)