Connect with us

Politics, Law & Military

မြောက်ပိုင်းခုနှစ်ဖွဲ့ ဒုတိယအကြိမ်ပင်လုံညီလာခံတက်ရောက်


နေပြည်တော်၊ မေ ၂၄ ရက် (ဆင်ဟွာ)

မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့တို့သည် NCA တွင် လက်မှတ် မထိုးရသေး သော်လည်း ၂၁ ပင်လုံညီလာခံသို့ လာတက်ခြင်းကြောင့် NCA နှင့် မဝေးတော့ဟု ယူဆ သည်ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျှံမှုန်ဆားခေါင်က ယနေ့ညနေ မီဒီယာသို့ပြောခဲ့သည်။

“မြောက်ပိုင်း ခုနစ်ဖွဲ့က NCA လမ်းကြောင်းအတိုင်း မသွားဘူး၊ တခြား လမ်းကြောင်းအသစ်ကို ရှာမယ်လို့ပြောတယ်၊ ဒါပေမယ့် ဒီညီလာခံဟာ NCA အရ ဖြစ်လာတဲ့ ညီလာခံ ဖြစ်တယ်၊ သူတို့က ဒီညီလာခံကို လာတက်တယ်ဆိုတဲ့ အတွက် ဒီ ညီလာခံ လမ်းကြောင်းဘက်ကို သူတို့စဉ်းစားနေ သလား ဆိုတဲ့ အတွေးလည်း ရှိတယ်၊ နောက်တစ်ခုက မြောက်ပိုင်းက သုံးဖွဲ့ကို အစိုးရအဖွဲ့ကရော တပ်မတော်ဘက်ကပါ အရင်က လက်မခံသေးတာတွေ ရှိတယ်၊ အခုအချိန်မှာ သူတို့ကို တန်းတူ ရည်တူ ဖိတ်ကြားပြီး သူတို့ကလည်း လာတယ် ဆိုတဲ့အတွက် အတိုင်းအတာ တစ်ခုထိ တိုးတက် လာတယ်လို့ မြင်ပါတယ်။ NCA ကြောင့် ဖြစ်တဲ့ ဒီညီလာခံကို လာတက်တဲ့ အတွက် သူတို ့သည် NCA နဲ့ မဝေးတော့ဘူးလို့ ကျွန်တော် မြင်ပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့ညနေ ပြုလုပ်သည့် ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောခဲ့သည်။

၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ယခု ညီလာခံသည် ပြီးခဲ့သည့် ညီလာခံများနှင့် မတူဘဲ အဆိုပြုလွှာများကို တင်သွင်းနိုင်ကြောင်း၊ အထူး သဖြင့် နိုင်ငံရေးကဏ္ဍမှာ အခြေခံမူ ခြောက်ခုမှာပါသည့် အချက်အလက် အတော်များများကို တင်သွင်းနိုင်ပြီး အဆိုပါ အချက်များသည် တိုင်းရင်းသားများက နိုင်ငံရေးအရရော စစ်ရေး အရပါ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့သည့် အချက်များ ပါဝင်ကြောင်း၊ ယခု တင်သွင်းချက်များကို ညီလာခံ မှ သဘောတူညီမှု တစ်စုံတစ်ရာ ရနိုင်မည်ဆိုလျှင် ပြည်ထောင်စု သမိုင်းမှာ အင်မတန် တန်ဖိုးရှိပြီး အရေးကြီးသည့် မှတ်တိုင်တစ်ခု ဖြစ်လာနိုင်ကြောင်း၊ ရထားသည့် သဘောတူညီချက်များကို မည်ကဲ့သို့ ဆက်ပြီး အကောင်အထည်ဖော်ကြမည် ဆိုသည်ကိုမူ ဆက်ပြီး ညှိနှိုင်းရမှာ ဖြစ်ကြောင်း၊ လက်မှတ်မထိုးနိုင်သေးသည့် အဖွဲ့များ ရှိနေသေးခြင်းက စိန်ခေါ်ချက် ဖြစ်သော်လည်း မြောက်ပိုင်း အဖွဲ့အစည်း ခုနစ်ဖွဲ့စလုံး ညီလာခံကို လာတက်ခြင်းမှာ ကောင်းသော ရလဒ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပိုပြီး ကျယ်ပြန့် အားကောင်းလာနိုင်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ညီလာခံ တက်ရောက်မှုနှင့် ပတ်သက်ပြီး UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက“လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ညီလာခံ လာတက်တာ ဘာ အကျိုးရှိလဲ ဆိုတော့ တကယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်နေတယ်၊ ဆွေးနွေးတဲ့ အချက်တွေအပေါ် သူတို့မြင်ပြီးတော့ ဘယ်လို အခြေအနေ ရောက်နေလဲ၊ ဘယ်လောက်အထာ ဆွေးနွေးနေသလဲဆိုတာ သူတို့မြင်မယ်၊ ဒီကနေ ဘာရလဒ်တွေ ထွက်လာမလဲဆိုတာ မျက်မြင်ကိုယ်တွေ့ မြင်ပါလိမ့်မယ်။ ဒီလို လက်တွေ့မြင်တဲ့ အခါ ယုံကြည်မှုတွေ ပိုတိုးလာမယ်လို့ မျှော်မှန်းပါတယ်” ဟု ပြောခဲ့သည်။

ယနေ့ ညီလာခံတွင် UPDJC ၏ အစီရင်ခံစာနှင့်ကဏ္ဍငါးရပ် ဆိုင်ရာ စာတမ်းများကို တင်သွင်းခဲ့ပြီး ညီလာခံ ဒုတိယနေ့တွင် အဆိုပါ စာတမ်းများကို အသေးစိတ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးခင်ဇော်ဦးက မီဒီယာကို ပြောခဲ့သည်။“အမျိုးသား အဆင့် ဆွေးနွေးပွဲ ခြောက်ခုကနေ ရလာတဲ့ သဘောတူညီချက် ၄၁ ချက်ကို ဒီညီလာခံမှာ ညှိနှိုင်း ဆွေးနွေးပြီး ပြည်ထောင်စု သဘောတူ စာချုပ်ရဲ့ အစိတ်အပိုင်းတွေ အဖြစ် မှတ်တမ်းယူသွားပြီး ဒါတွေကို လွှတ်တော်ကို ဆက်ပို့ပါမယ်၊ လွှတ်တော်ကနေ ဥပဒေဆိုင်ရာ ကိစ္စတွေကို ဆက်ပြီး ဆောင်ရွက်သွားပါမယ်” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)