Connect with us

Politics, Law & Military

ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်စောင်ရေ ၁၂၅.၅၅ သန်း ပုံနှိပ်ရန် လျာထားပြီး မဲဆန္ဒရှင်များ အပြောင်းအလဲရှိ၍ အရေအတွက် တိုးလာနိုင်

ယခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်အား ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေး နှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်က ပြသနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် အသုံးပြုရန် လွှတ်တော် အသီးသီး အတွက် ဆန္ဒမဲ လက်မှတ် စောင်ရေ စုစုပေါင်း ၁၂၅.၅၅ သန်း လျာထား ပုံနှိပ်ရန် ဆောင်ရွက်လျှက်ရှိပြီး ရွေးကောက်ပွဲ မကျင်းပမီ ကာလအတွင်း မဲဆန္ဒရှင်များ ပြောင်းလဲမှုရှိနိုင်သည့်အတွက် ဆန္ဒမဲလက်မှတ် အရေအတွက်သည် တိုးလာနိုင်ရန် အနေအထား ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေး နှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်က ယနေ့ ရန်ကုန်မြို့ ဗဟိုပုံနှိပ်စက်ရုံ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် အသုံးပြုမည့် စာရွက်အရောင်မှာ လုံခြုံရေး ပိုမိုစိတ်ချရစေရန် အဝါရောင် သတ်မှတ်ထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အမှတ်တံဆိပ် ရေစာ ထည့်သွင်းထားကြောင်း ဆန္ဒမဲလက်မှတ်များ လုံခြုံရေး အဆင့်အတန်းကို ပိုမိုမြင့်မားစေရေး အတွက် ဆန္ဒမဲလက်မှတ် နောက်ကျောဘက်တွင် လွှတ်တော်အသီးသီး အလိုက် ခွဲခြားပြီး အမှတ်အသားများ ပြုလုပ်ထားသည်ဟု သိရသည်။

ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့် အား သတင်းစာ ရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်း၏ ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ (ဆင်ဟွာ)

ယခင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ် စာရွက်နှင့် ယခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုမည့် စာရွက်မှာလည်း အမျိုးအစား ကွာခြားပြီး ယခုအသုံးပြုမည့် စက္ကူအမျိုးအစားသည် ဈေးနှုန်း ပိုမိုမြင့်မားကြောင်း နှိုင်းယှဉ်ပြောကြားချက်များအရ သိရသည်။
ယခု ရွေးကောက်ပွဲတွင် အသုံးပြုမည့် စက္ကူတစ်တန်ကို အမေရိကန်ဒေါ်လာ ၁,၄၃၅ ဖြင့် ဝယ်ယူရန် Mega Link ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပြီး စက္ကူ တန်ချိန် ၁၀၅၀ တန်ကို ဝယ်ယူရန် စာချုပ်ချုပ်ခဲ့သည်။ Mega Link ကုမ္ပဏီမှ အင်ဒိုနီးရှားနိုင်ငံ PT Pura ကုမ္ပဏီကို စာချုပ်ချုပ်ပြီး မှာယူခဲ့ရာ စက္ကူ တန်ချိန် ၁၀၅၀ တန်ကို မဲလက်မှတ် ရိုက်နှိပ်မည့် ရန်ကုန်နှင့် နေပြည်တော်ရှိ စက်ရုံများသို့ရောက်ရှိပြီး တန်ခွဲထားပြီး ဖြစ်ကြောင်း သိရသည်။

ဆန္ဒမဲလက်မှတ်များ ပုံနှိပ်ရာတွင် ကိုယ်စားလှယ်လောင်းများ ပြင်ဆင်မှု ရှိခြင်း ၊ ပါတီအမှတ်တံဆိပ် ၊ နာမည်ပြင်ဆင်မှု ရှိခြင်းများကြောင့် စောင့်ဆိုင်းဆောင်ရွက်ရသည့် အနေအထားများ ရှိပြီး ဆန္ဒမဲလက်မှတ်များ ရိုက်နှိပ်ရန် ပြင်ဆင်ထားသော်လည်း ရိုက်နှိပ်၍ မရသည့် အနေအထားရှိပြီး ပုံနှိပ်ဘက်တွင် ပြင်ဆင်သည်နှင့်အမျှ ရိုက်နှိပ်ရာတွင် နှောင့်နှေးလုပ်ဆောင်နေရကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်က သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဆန္ဒမဲလက်မှတ် ပုံနှိပ်ဆောင်ရွက်ရန် နေပြည်တော်တွင် စက်တင်ဘာလ ၁၁ ရက်တွင် လည်းကောင်း ၊ ရန်ကုန်တွင် စက်တင်ဘာ ၁၃ ရက်တွင် လည်းကောင်း စတင်ဆောင်ရွက်ခဲ့ပြီး ပုံနှိပ်ထုတ်လုပ်ရေး၏ ရိုက်နှိပ်ရက်ကို ရက်ပေါင်း ၄၀ ယူထားပြီး အပြီး ရိုက်နှိပ် ထုတ်လုပ်သွားရန် ရှိကြောင်း သိရသည်။

ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ (UEC) သို့ အောက်တိုဘာလ ၁ ရက်မှ စတင်ပြီး စတင်လွှဲပြောင်း သွားရန် လျာထားပြီး အောက်တိုဘာလ ၂၅ ရက် နောက်ဆုံးထား အပြီးသတ် လွှဲပြောင်းပေးသွားရန် ဆောင်ရွက်ထားကြောင်း သိရသည်။
ထိုပြင် လွှတ်တော် အသီးသီးအတွက် ကြိုတင်လက်မှတ်များ ထုတ်ရန် စာအုပ် သိန်းတစ်ရာ ရိုက်နှိပ်ပြီး UEC အပ်နှံပြီးကြောင်း ပြည်ပသို့ပို့ဆောင်မည့် ဆန္ဒမဲလက်မှတ်များကို UEC မှ အမှာစာ ရရှိသည့် နေ့မှ စတင်၍ ၁၄ ရက်အတွင်း ရိုက်နှိပ်ပြီး လွှဲပြောင်းပေးသွားမည် ဖြစ်ပြီး ဆန္ဒမဲလက်မှတ် အရေအတွက်ကို UEC မှ ပေးသည့်ပေါ်တွင် မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။ (Xinhua)