Connect with us

Politics, Law & Military

ပြည်သူများသို့ နိုင်ငံရေး ပါတီများ၏ စည်းရုံး ဟောပြောချက် ပါတီပေါင်း ၃၀ ဟောပြော တင်ပြပြီးဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်း က စည်းရုံးဟောပြောချက်များကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ ပြည်သူများသို့ စည်းရုံး ဟောပြောချက်များကို နေ့စဉ် ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ပါတီ အလိုက် ၎င်းတို့၏ ပါတီမူဝါဒ ၊ သဘောထား ၊ လုပ်ငန်းစဉ်များကို ထုတ်လွှင့်လျက် ရှိရာ နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီအနက် ပါတီ ၃၀ အထိ ဟောပြော တင်ပြပြီး ဖြစ်သည်။

စက်တင်ဘာလ ၁၇ ရက်ညပိုင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ တို့မှ စည်းရုံး ဟောပြောချက်များ ထုတ်လွှင့်ပေးခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းက ၎င်းတို့ပါတီ၏ မူဝါဒ ၊ သဘောထား ၊ လုပ်ငန်းစဉ်များကို ဟောပြော တင်ပြရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကို မူအားဖြင့် သဘောတူပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပပြီး ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရာတွင် လိုအပ်မည့် ဥပဒေ အချက်အလက်များ သာမက၊ ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုး ရင့်ကျက် ခိုင်မာရေးအတွက် လိုအပ်မည့် ဥပဒေ အချက်အလက်များကိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဖြည့်စွက် ပြင်ဆင်ရန် မလွဲမသွေ လိုအပ်လာမည် ဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ် ညှိနှိုင်းပြီးသည့် အချိန်အခါတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြည့်စွက် ပြင်ဆင်ရေး အတွက် ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟောပြော တင်ပြခဲ့သည်။

ယခုလို ပြည်တွင်း ငြိမ်းချမ်းရေး မရရှိသေးမီ ပြည်တွင်း ပဋိပက္ခများ ရှိနေဆဲ ကာလတွင် တပ်မတော်သည် လွှတ်တော်၊ အစိုးရ၊ တိုင်းရင်းသား ပြည်သူတို့နှင့် အတူ ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားရမည့် အဖွဲ့အစည်း တစ်ရပ်အဖြစ် ပါတီက ရှုမြင်ပါကြောင်း ၊ ထာဝရ ငြိမ်းချမ်းရေး ရရှိပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းသည့် အချိန်တွင် တပ်မတော်သည် နိုင်ငံရေးထက် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ပြောင်းလဲ ထမ်းဆောင် သွားရမည် ဖြစ်၍ လွှတ်တော် အတွင်း နိုင်ငံရေးသည်လည်း တဖြည်းဖြည်း ပြောင်းလဲသွားမည်ဟု တင်ပြခဲ့သည်။

နိုင်ငံ၏ စီးပွားရေး အခြေအနေကို ကြည့်လျှင် စီးပွားရေး တံခါးဖွင့် ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ကုန်သွယ်မှုမှာ ၂ဝ၁ဝ ခုနှစ်ကထက် ကုန်သွယ်မှုပမာဏ ၉၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်းခန့် တိုးတက် လာခဲ့သည်ဟု တင်ပြခဲ့သည်။

ထို့ကြောင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး ဦးတည်နေပြီဖြစ်၍ ယင်းအရှိန်အဟုန်ကို ဆက်လက် ဖော်ဆောင်နိုင်မည့် ပါတီ ၊ တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် ထိန်းသိမ်း စောင့်ရှောက် ပေးနိုင်သော အစိုးရကို ဖွဲ့စည်းပေးနိုင်မည့် ပါတီ ၊ ပြည်သူတို့၏ လူမှုစီးပွား ဘဝ အနာဂတ်တွင် ပိုမို ပြောင်းလဲ တိုးတက် ကောင်းမွန်အောင် အရှိန်မြှင့်တင် ဖော်ဆောင်ပေးမည့် ပါတီနှင့် အရည်အချင်းရှိသော ကိုယ်စားလှယ်များကို ဦးစားပေး စဉ်းစား ရွေးချယ်ပေးကြပါရန် တင်ပြခဲ့သည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ (NDPD) ဥက္ကဋ္ဌ ဦးမောင်မောင်နီက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေး ပါတီသည် လာရောက် ဟောပြောခြင်း မပြုခဲ့ကြောင်း သိရသည်။
နိုင်ငံရေးပါတီများ၏ ပြည်သူများသို့ စည်းရုံးဟောပြောချက်များကို စက်တင်ဘာ ၈ ရက်မှ စတင်၍ တစ်နေ့လျှင် သုံးပါတီဖြင့် အလှည့်ကျစည်းရုံး ဟောပြောခွင့်ပြုလျက် ရှိသည်။ (Xinhua)