Connect with us

Politics, Law & Military

လားရှိုးမြို့ တွင် ဖြစ်ပွားခဲ့သည့် ဒေသန္တရမိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဝမ်းနည်းကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန မှ ထုတ်ပြန်

အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် ( ဓာတ်ပုံ-myanmar state counsellor office)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊လားရှိုးမြို့ အမှတ် ၂ ရပ်ကွက် ရိုးမဘဏ် နှင့် ဧရာဝတီဘဏ်ကြား၌ စိစစ်ဆဲ အဖွဲ့အစည်းတစ်ခုမှ ထောင်ထားသည့် ဒေသန္တရမိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဘဏ်ဝန်ထမ်းအမျိုးသမီး ၂ ဦးသေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိမှုတို့အတွက် မိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းကြေကွဲရကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများသေဆုံးထိခိုက်စေသော အကြမ်းဖက်ဖောက်ခွဲမှုလုပ်ရပ်သည် နိုင်ငံတော်အစိုးရ မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

အများပြည်သူနေရာဌာနများ၊ အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် ဤအကြမ်းဖက်ဖောက်ခွဲ မှုလုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်း၊ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနှင့်အညီထိထိရောက်ရောက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)