Connect with us

Politics, Law & Military

လွှတ်တော် အစည်းအဝေးများ ယနေ့ ပြန်လည်စတင်

ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေး ကျင်းပပုံ မြင်ကွင်း (ဆင်ဟွာ) လွှတ်တော် အစည်းအဝေးများ ယနေ့ ပြန်လည်စတင်

ရန်ကုန် ၊ မေ ၁၁ ရက် (ဆင်ဟွာ)

တစ်လခန့် ရပ်နားခဲ့သည့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တို့၏ (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးများကို ယနေ့ မေလ ၁၁ ရက်နေ့တွင် ပြန်လည် ကျင်းပခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆင်ဟွာသို့ ပြောသည်။

အမျိုးသား လွှတ်တော်တွင် မေးခွန်းများ မေးမြန်းပြီးနောက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မသန်စွမ်းသူများ၏ အခွင့်အရေးများ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။

ယနေ့ ပြည်သူ့ လွှတ်တော်တွင် မေးခွန်းများ မေးမြန်းပြီးနောက် အမျိုးသား လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့သော “ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခဲ့သည်။

ယနေ့ နေ့လည် ဘက်တွင်တော့ ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေးကို ကျင်းပပြီး နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသော ဥပဒေကြမ်း ၃ ခု ဖြစ်သည့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း၊ ပြည်တွင်း ရေကြောင်းသွား ရေယာဉ် ဥပဒေကြမ်း၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ဖတ်ကြား တင်ပြခဲ့တယ်လို့ ဦးခိုင်မောင်ရည် ထံမှ သိရသည်။ (Xinhua)